/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးပန်းနာရင်ကြပ်ရောဂါအကြောင်း-သိကောင်းစရာ

ကလေးပန်းနာရင်ကြပ်ရောဂါအကြောင်း သိကောင်းစရာ

Category
ကလေးများနှင့်ကျန်းမာရေး

ပန်းဝတ်မှုန်တွေ ရှူရှိုက်မိခြင်း၊ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ရောက်ခြင်း စတဲ့ ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က Histamine အများအပြား ထုတ်လိုက်တာကြောင့် အဆုတ်နဲ့ လေပြွန်တွေ အလွယ်တကူ ရောင်ရမ်းမှုဖြစ်ပွားတာကို ပန်းနာရင်ကြပ်ရောဂါလို့ ခေါ်ပါတယ်။
ပန်းနာရင်ကြပ်ရောဂါ လက္ခဏာတွေဟာ ကလေးတွေကို ကောင်းကောင်းကစားလို့မရအောင်၊ ကောင်းကောင်းမအိပ်စက်နိုင်အောင် အနှောင့်အယှက်ပေးပြီး ကျောင်းပျက်တာတွေအထိ ဖြစ်စေပါတယ်။ သေချာကုသမှုမခံယူခဲ့ရင် အသက်အန္တရာယ်ကိုတောင် ဖြစ်စေနိုင်ပါတယ်။

>>  ပန်းနာရင်ကြပ်ရောဂါရဲ့ လက္ခဏာများ
ကလေးတစ်ယောက်မှာ ပန်းနာရင်ကြပ်ဖြစ်နိုင်ချေရှိတာကို ပြသနေတဲ့ လက္ခဏာတွေကတော့ -
●  မကြာခဏ ချောင်းဆိုးခြင်း
●  လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ အသက်ရှူလမ်းကြောင်းရောဂါ ပိုးဝင်တဲ့အခါ၊ လေအေးနဲ့ ထိတွေ့တဲ့အခါ၊ ညဘက်အိပ်စက်တဲ့အခါ ချောင်းဆိုးတာ ပိုဆိုးလာခြင်း
●  အသက်ရှူတဲ့အခါ တရွှီရွှီမြည်ခြင်း
●  မောခြင်း
●  ရင်ကြပ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Solmux Kids 1

>>  ပန်းနာရင်ကြပ်ရောဂါဖြစ်နိုင်ချေကို များစေသော အကြောင်းများ
●  တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း
●  အရေပြားဓာတ်မတည့်မှု၊ အစားအသောက်ဓာတ်မတည့်မှုနဲ့ နှာခေါင်းပန်းနာလိုမျိုး ဓာတ်မတည့်တဲ့ရောဂါတစ်မျိုးမျိုး ဖြစ်ဖူးခြင်း
●  မိသားစုထဲမှာ ပန်းနာရင်ကြပ်ရောဂါ (သို့) ဓာတ်မတည့်သည့်ရောဂါ ရာဇဝင်ရှိခြင်း
●  လေထုညစ်ညမ်းတဲ့နေရာမှာ နေထိုင်ခြင်း
●  အဝလွန်ခြင်း
●  နှာခေါင်းအတွင်းသားများ ရောင်ရမ်းခြင်း၊ ထိပ်ကပ်နာ၊ အဆုတ်ရောင်ခြင်း စတဲ့ အသက်ရှူလမ်းကြောင်းရောဂါများ ရှိခြင်း
●  အစာအိမ်ထဲကအက်စစ်တွေ အစာရေမျိုထဲ ပြန်တက်သောရောဂါရှိခြင်း စတဲ့ အခြေအနေတွေဟာ ပန်းနာရင်ကြပ်ဖြစ်နိုင်ချေကို ပိုများစေပါတယ်။

>>  ပန်းနာရင်ကြပ်ရောဂါလက္ခဏာတွေဖြစ်အောင် လှုံ့ဆော်ပေးနိုင်တဲ့အရာများ
ပန်းနာရင်ကြပ်ရောဂါဆိုတာ ပုံမှန်အတိုင်းဆို လူကောင်းပကတိလိုနေနိုင်ပြီး လေပြွန်ရောင်ရမ်းပြီး အချွဲထွက်တာများအောင် လှုံဆော်ပေးတဲ့ အရာတစ်ခုခုနဲ့ ထိတွေ့တဲ့အခါမှ ရောဂါလက္ခဏာတွေ ခံစားရတာပါ။
ရောဂါလက္ခဏာဖြစ်အောင် လှုံ့ဆော်ပေးတဲ့အရာတွေကတော့ -
●  အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ခြင်း (ဥပမာ - အအေးမိခြင်း)
●  ညစ်ညမ်းသောလေနဲ့ ဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်း
●  ဖုန်မှုန့်၊ တိရစ္ဆာန်ကိုယ်ကထွက်တဲ့ အညစ်အကြေးများ၊ ပန်းဝတ်မှုန် စတာတွေနဲ့ ဓာတ်မတည့်ခြင်း
●  ကိုယ်လက်လှုပ်ရှားခြင်း
●  ရာသီဥတုအေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Solmux Kids 2

>>  ပန်းနာရင်ကြပ်ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
●  ရောဂါလက္ခဏာတွေ ပြင်းထန်လာရင် အရေးပေါ်ကုသမှုခံယူရပြီး ဆေးရုံတက်ရနိုင်ပါတယ်။
●  အသက်ရှူခက်ခြင်း၊ ချောင်းဆိုးခြင်းကြောင့် အိပ်ရေးပျက်ပြီး မောပန်းနွမ်းနယ်နိုင်ပါတယ်။
●  လှုပ်လှုပ်ရှားရှားလုပ်ရင် မောတာကြောင့် သူငယ်ချင်းတွေနဲ့အတူ မကစားနိုင်တာ၊ အားကစား မလုပ်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။
●  ကျောင်းပျက်ရက်တွေ များလာတာ၊ ကျောင်းစာတွေမလိုက်နိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။

>>  ပန်းနာရင်ကြပ်ရောဂါလက္ခဏာတွေ ခံစားရရင် ဘယ်အချိန်မှာ အရေးပေါ်ကုသမှု ခံယူသင့်သလဲ?
●  စကားပြောတဲ့အခါ စာကြောင်းဆုံးအောင် မပြောနိုင်ဘဲ ခဏနားပြီး အသက်ရှူရခြင်း
●  အသက်ရှူဖို့အတွက် ဝမ်းဗိုက်ကြွက်သားတွေကို အသုံးပြုနေရခြင်း
●  အသက်ရှူတဲ့အခါ နှာခေါင်းပွစိပွစိဖြစ်နေခြင်း
●  နံရိုးကြားရင်ဘတ်ချိုင့်ဝင်နေခြင်း စတဲ့ လက္ခဏာတွေဟာ ကလေးအနေနဲ့ အသက်ရှူခက်နေတာကို ပြသနေပါတယ်။
အသက်ရှူခက်လာရင် နှလုံးခုန်မြန်လာပြီး ချွေးစေးပြန်ကာ ရင်ဘတ်အောင့်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ ခံစားနေရရင်တော့ အရေးပေါ်ကုသမှုကို အမြန်ဆုံး ခံယူသင့်ပါတယ်။

>>  ပန်းနာရင်ကြပ်ရောဂါလက္ခဏာတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
●  ဓာတ်မတည့်မှုဖြစ်အောင် လှုံ့ဆော်ပေးတဲ့အရာတွေနဲ့ အတတ်နိုင်ဆုံး ထိတွေ့မှုမရှိစေရန် ဂရုစိုက်ပါ။
●  ကလေးဘေးနားမှာ ဘယ်သူ့ကိုမှ ဆေးလိပ်မသောက်စေပါနဲ့။
●  ကိုယ်လက်လှုပ်ရှားခြင်းဟာ အဆုတ်ရဲ့စွမ်းဆောင်ရည်ကို ကောင်းမွန်စေတာကြောင့် ပန်းနာရင်ကြပ်ရောဂါကို ကောင်းကောင်းထိန်းထားနိုင်ချိန်မှာ ကလေးကို တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှားနေဖို့ တိုက်တွန်းပါ။
●  ကလေးကို ရက်ချိန်းအတိုင်း ဆရာဝန်နဲ့ ပုံမှန်ပြသပေးပါ။ ရောဂါလက္ခဏာခံစားရရင်လည်း လိုအပ်ရင် လိုအပ်သလို ဆရာဝန်နဲ့ ပြသပါ။
●  ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးပါ။
●  ရောဂါအခံတစ်ခုခုရှိရင်လည်း ရှိတဲ့ရောဂါအတွက် သေချာကုသမှုခံယူပါ။

Dr. Aye Hsu Mon (www.drmyanmar.com)