/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများတွင်-ချက်တိုင်မှ-အူကျွံခြင်း

ကလေးများတွင် ချက်တိုင်မှ အူကျွံခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

          ချက်တိုင်ကနေ အူကျွံတယ်ဆိုတာကတော့ ကလေးရဲ့ ၀မ်းဗိုက်ကြွက်သားမှာ အားနည်းနေတဲ့ တစ်နေရာကနေပြီးတော့ အူ၊ အဆီ (သို့) အရည်တွေ ကျွံထွက်လာတာပါ။ ဒီအခါမှာ ချက်မှာ (သို့) ချက်နားလေးမှာ အဖုလေးအဖြစ် ဖောင်းထွက်လာပြီးတော့ ကလေးရဲ့ချက်တိုင်လေး ရောင်နေသလို ဖြစ်နေပါတယ်။

          ကလေးအများစုက မွေးကတည်းက ချက်တိုင်က အူကျွံလာတတ်ပြီးတော့ ဒါက မနာသလို အန္တရာယ်လည်း မပေးတတ်ပါဘူး။ ပြီးတော့ ကုစရာမလိုဘဲ သူ့ဟာသူ ပြန်ပိတ်သွားတာ များပါတယ်။

 

>>    ဘာကြောင့်အူကျွံရသလဲ?

          ချက်ကြိုးမှာရှိတဲ့ သွေးကြောတွေ ခန္ဓာကိုယ်ထဲဝင်တဲ့နေရာမှာ ကြွက်သားအကွင်းပေါက်လေး ရှိပါတယ်။ ကလေးမွေးမလာခင်မှာ ဒီအကွင်းလေးက အများအားဖြင့် ပိတ်ပါတယ်။ မပိတ်ဘဲ ဆက်ရှိနေရင် ဒီအပေါက်ကနေမှ တစ်သျှူးတွေ ထွက်လာပြီးတော့ အူကျွံပါတယ်။ အပေါက်လေးက ဘာလို့မပိတ်လဲဆိုတာကတော့ သေချာမသိပါဘူး။

 

>>    အူကျွံရင် ဘာလက္ခဏာတွေပြလဲ?

          မွေးကင်းစကလေးတွေမှာ ချက်တိုင်ကြွေသွားပြီးရင် အူကျွံတာကို မြင်နိုင်ပါတယ်။ တချို့ကလေးတွေမှာကျတော့ နည်းနည်းလေး ကြီးလာတဲ့အထိ အူမကျွံတာလည်း ရှိပါတယ်။

          ကလေးမှာ အူကျွံတယ်ဆိုရင် ဒါတွေကိုတွေ့နိုင်ပါတယ်။

●        ချက်လေးရဲ့အောက် အရေပြားမှာ အလုံးပျော့ပျော့လေး ထွက်နေတာ

●        ဖုထွက်နေတဲ့ တချို့အစိတ်အပိုင်းတွေကို ပြန်တွန်းထည့်လို့ ရတတ်ပါတယ်။

●        ကလေးထိုင်တဲ့အခါ၊ မတ်မတ်ရပ်တဲ့အခါတွေနဲ့ ငို၊ ချောင်းဆိုး၊ အစာစားတဲ့အခါမှာ အစာအိမ် ကြွက်သားတွေ တင်းလာရင် ဖောင်းထွက်နေတာက ပိုပြီးမြင်သာလာပါတယ်။

          အူကျွံတာက အရွယ်အစား အမျိုးမျိုးရှိတတ်ပေမယ့် ၁ လက်မထက် ကြီးတာတော့ ရှားပါတယ်။ အများအားဖြင့် နာလည်း မနာတတ်ပါဘူး။

          ကလေးက အန်တယ်၊ ဗိုက်အောင့်တယ်၊ ဗိုက်ကြီး အရမ်းရောင်လာတယ် ဆိုရင်တော့ ဆရာဝန်ပြပါ။

 

>>    အူကျွံတာ ဟုတ်၊ မဟုတ် ဘယ်လိုသိနိုင်မလဲ?

          ဆရာဝန်တွေကတော့ ကလေးရဲ့ချက်လေးနဲ့ ဗိုက်လေးကိုကြည့်ပြီးတော့ အူကျွံ၊ မကျွံ ဆိုတာကို ပြောနိုင်ပါတယ်။ ကလေးမှာ အူကျွံနေတယ်ဆိုရင်တော့ ဆရာဝန်က အရွယ်အစား၊ ပုံစံတွေကို ကြည့်ပြီးရင် အထဲကို ပြန်သွင်းလို့ ရ၊ မရဆိုတာတွေကိုပါ ကြည့်ပါတယ်။

          ပြီးတော့ အူကျွံတာ ပြန်ပိတ်၊ မပိတ်ဆိုတာကို ပုံမှန်ပြန်စစ်ပါလိမ့်မယ်။ ဆရာဝန် ပြန်ချိန်းတဲ့အခါ သွားဖို့ မမေ့ပါနဲ့။

 

>>    ဘယ်လိုကုမလဲ?

          ကလေးတွေမှာ ချက်ပတ်လည် အူကျွံတာက ကလေး အသက်တစ်နှစ်မပြည့်ခင်မှာ သူ့ဟာသူ ပြန်ပိတ်သွားတာ များပါတယ်။ ကလေး အသက် ၅ နှစ်ပြည့်တဲ့အထိ မပိတ်သေးဘူးဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုပါတယ်။

          ဒီလက္ခဏာတွေ တွေ့ရင်တော့ အသက် ၅ နှစ်မတိုင်ခင်မှာ ခွဲစိတ်လို့ရပါတယ်။

●        အူကျွံတဲ့အလုံးက ပိုကြီးလာပြီးတော့ အသက် ၂ နှစ်အထိ အပေါက်ပိတ်မယ့်လက္ခဏာ မတွေ့ရင်

●        ဖောင်းထွက်နေတာကြီးက ကြည့်ရဆိုးတယ်ဆိုရင် ခွဲလို့ရပါတယ်။

          ကလေးက ဗိုက်အောင့်တယ်၊ ဗိုက်ကြီး ဖောင်းလာတယ်ပြီးတော့ အူပိတ်မိနေတဲ့ တခြားလက္ခဏာတွေ တွေ့တယ်ဆိုရင်တော့ ခွဲစိတ်မှု ချက်ချင်းလုပ်ဖို့ လိုပါတယ်။ ရှားတော့ ရှားပါတယ်။

          ပုံမှန်အားဖြင့်တော့ ခွဲစိတ်တာက ဆေးရုံတက်ဖို့ မလိုပါဘူး။ ခွဲပြီး အိမ်ပြန်နေလို့ ရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)