/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများတွင်-တွေ့ရသော-ကိုရိုနာဗိုင်းရပ်စ်-နှင့်-ဆက်စပ်မှုရှိနိုင်တဲ့

ကလေးများတွင် တွေ့ရသော ကိုရိုနာဗိုင်းရပ်စ် နှင့် ဆက်စပ်မှုရှိနိုင်တဲ့ ရောဂါလက္ခဏာများအကြောင်းကို UK နိုင်ငံမှ ဆရာဝန်တစ်ဦး တင်ပြ

Category
ကလေးများနှင့်ကျန်းမာရေး

လက်ရှိကာလမှာ ကိုရိုနာဗိုင်းရပ်စ်ဟာဆိုရင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လျက်ရှိနေတာ ဖြစ်ပါတယ်။ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေးကို ခြောက်လှန့်လျက်ရှိပြီး ဒီအထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ အစောပိုင်းကာလတွေကတော့ ကလေးငယ်တွေအနေနှင့် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို သိပ်မခံစားရဘူးလို့ ယူဆခဲ့ကြသော်လည်း လက်ရှိအနေအထားအရ ကလေးတွေမှာလည်း ရောဂါလက္ခဏာတွေကို ပြင်းထန်စွာ ခံစားနေကြရပါတယ်။
ဒီကိစ္စနှင့် ပတ်သက်ပြီး UK နိုင်ငံမှ ဆရာဝန်တစ်ဦးဖြစ်သူ Dr. Ranj ရဲ့ ပြောကြားချက်အရ လတ်တလောကာလမှာ UK နိုင်ငံရှိ ကလေးငယ်အတော်များများဟာ ဆေးရုံတက်ပြီး ကုသမှုခံယူနေကြရပြီး အချိူ့ဆိုရင် ရောဂါပြင်းထန်တဲ့အတွက် အထူးကြပ်မတ်ဆောင်မှာထားရှိပြီး ကုသမှုခံယူနေကြရပါတယ်။ အဆိုပါကလေးများအနက် အချို့မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီး အချို့ကတော့ မတွေ့ရှိရပါဘူး။
တွေ့ရှိရသလောက်တော့ ကလေးငယ်တွေရဲ့ တစ်ကိုယ်လုံးမှာ ရောင်ရမ်းမှုများ ဖြစ်ပေါ်နေပြီး Kawasaki disease လို့ခေါ်တဲ့ ရောဂါတစ်ခုရဲ့လက္ခဏာတွေနှင့် အတော်လေးဆင်တူတာ တွေ့ရပါတယ်။
Kawasaki disease ဆိုတာကတော့ အသက် ၅ နှစ်အောက် ကလေးငယ်များတွင် တွေ့ရတဲ့ ပြန်ရည်ကြောရောဂါဖြစ်ပြီး သွေးကြောတွေကို ရောင်ရမ်းဖောင်းကားစေနိုင်ကာ နှလုံးရဲ့ အဓိကသွေးကြောတွေကိုပါ ထိခိုက်ပြီး နှလုံးရောင်ရမ်းစေနိုင်ပါတယ်။

>>  Kawasaki disease ရဲ့ ရောဂါလက္ခဏာတွေကတော့ -
●  ဖျားခြင်း (၅ ရက်နှင့်အထက်)
●  အနီစက်များထွက်ခြင်း
●  လည်ပင်းရှိအကြိတ်များ ရောင်ရမ်းခြင်း
●  နှုတ်ခမ်းများ ခြောက်သွေ့ကွဲအက်ခြင်း
●  လက်ချောင်း ခြေချောင်းများ နီရဲခြင်း
●  မျက်စိနီရဲခြင်းတို့ပဲဖြစ်ပြီး ဆေးရုံတွင် မဖြစ်မနေ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ကောင်းစွာ ကုသမုှရရှိပါက ၈ ပတ်အတွင်း ပြန်လည်သက်သာလာဖွယ် ရှိပါတယ်။
Dr.  Janj ကတော့ ဒီရောဂါလက္ခဏာတွေဟာ ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်မှု ရှိ၊ မရှိကိုတော့ လေ့လာနေဆဲဖြစ်တယ်လို့ ပြောကြားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော ကလေးအများစုအနေနှင့် သာမန်ဖျားနာလက္ခဏာများကိုသာ ခံစားရပြီးနောက် ပြန်လည်သက်သာလာကြတာ များပါတယ်။ ဒါပေမဲ့လည်း ကိုယ်ပူချိန်မြင့်ခြင်း၊ ၁-၃ နာရီထက်ပိုပြီး ချောင်းဆိုးခြင်း သို့မဟုတ် ၂၄ နာရီအတွင်း အဆက်မပြတ် ချောင်းဆိုးခြင်းများ ဖြစ်ပေါ်ပါက ကျန်းမာရေးဌာနများသို့ အမြန်ဆုံးအကြောင်းကြားဖို့ကိုလည်း အကြံပြုထားပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)