/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများတွင်-နာတာရှည်-အဆစ်ရောင်ရမ်းခြင်း

ကလေးများတွင် နာတာရှည် အဆစ်ရောင်ရမ်းခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

        အသက် ၁၆ နှစ်မတိုင်ခင်မှာ အဆစ်တွေ စရောင်လာပြီးတော့ ရောင်တာကလည်း ၆ ပတ်ထက် ပိုကြာကာ ဘာကြောင့်ရောင်မှန်းလဲ မသိဘူးဆိုရင် ဒါကို ကလေးများတွင်ဖြစ်သော အကြောင်းမသိတဲ့ နာတာရှည် အဆစ်ရောင်ရမ်းနာအဖြစ် သတ်မှတ်ပါတယ်။

 

>>    အမျိုးအစားများ

        အဓိကအားဖြင့် အောက်ပါအချက်တွေအပေါ် မူတည်ပြီးတော့ အမျိုးအစားတွေ ခွဲထားပါတယ်။

●        ပထမ ၆ လအတွင်းမှာ အဆစ် ဘယ်နှခုရောင်လဲ - အဆစ် ၄ ဆစ်အထိ ရောင်ရမ်းတာကို oligoarthritis, အဆစ် ၄ ဆစ်အထက် ရောင်ရမ်းတာကို polyarthritis လို့ ခေါ်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

          အဓိကလက္ခဏာကတော့ ဘာအကြောင်းအရင်းမှမရှိဘဲနဲ့ အဆစ်တွေ နာတာဖြစ်ပြီးတော့ အဆစ်များ တောင့်တင်းခြင်း၊ ခြေထောက်တစ်ဖက်တည်းကို အားပြုပြီးတော့ လျှောက်ခြင်း၊ အဆစ်တွေနာလို့ လက်တစ်ဖက်၊ ခြေထောက်တစ်ဖက်ကို မသုံးဘဲညှာခြင်း၊ ကိုယ်ပူခြင်း၊ အဆစ်ရောင်ခြင်းတွေကိုလည်း ခံစားရနိုင်ပါတယ်။

          အမျိုးအစားမတူသလို ရောဂါလက္ခဏာပုံစံတွေလည်း မတူပါဘူး။

●        Oligoarthritis - မူကြိုအရွယ်မှာ စဖြစ်လေ့ရှိပြီးတော့ ကလေးက ဒူးခေါင်းနာကာ မနက်ပိုင်းမှာ ပိုဆိုးတတ်ပါတယ်။

●        Polyarthritis - အများအားဖြင့်တော့ လက်ဖဝါး၊ ခြေဖဝါးတွေမှာရှိတဲ့ အဆစ်သေးလေးတွေမှာ ဖြစ်တာများပြီးတော့ တစ်ခါတလေလည်း ဒူးဆစ်လိုမျိုး အဆစ်ကြီးတွေမှာ ဖြစ်နိုင်ပါတယ်။ ကလေးမှာ နှစ်ဖက်စလုံးက အဆစ်တွေ အတူတူ နာနိုင်ပါတယ်။

●        Systemic arthritis - ကိုယ်ပူမယ်၊ အရေပြားမှာ အကွက်တွေ ထွက်တာ၊ အဆစ်တွေ နာတာကို ခံစားရပါမယ်။

●        Psoriatic juvenile idiopathic arthritis - အဆစ်အရေအတွက် အကန့်အသတ်မရှိ နာနိုင်ပါတယ်။ psoriasis လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးနဲ့ တွဲဖြစ်နိုင်ပါတယ်။ တစ်ခါတလေဆိုရင် လက်ချောင်းတစ်ချောင်းလုံး ရောင်နေတတ်ပါတယ်။

 

>>    ရောဂါဖြစ်စေသော အကြောင်းအရင်းများ

        အများစုကတော့ ကလေးရဲ့ခုခံအားစနစ်က ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ၊ တစ်သျှူးတွေကို မှားယွင်းပြီးတော့ တိုက်ခိုက်မိလို့ ဖြစ်တာများပါတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ချေ များတာရှိသလို တချို့ကလည်း ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး စတဲ့ ရောဂါပိုးဝင်လို့၊ ဆေးလိပ်မီးခိုးငွေ့၊ စိတ်ဖိစီးမှုတွေကြောင့် ရောဂါကို လှုံ့ဆော်မှုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

 

>>    ဘယ်လိုကလေးတွေမှာ ဖြစ်နိုင်ချေရှိလဲ?

          ပထမဆုံးလက္ခဏာတွေကတော့ အသက် ၁-၃ နှစ်ကြား မူကြိုအရွယ်တွေ၊ အသက် ၉-၁၄ နှစ်ကြားအရွယ်တွေမှာ ပိုပြီးတော့ အဖြစ်များပါတယ်။ လေ့လာမှုတွေအရ မိန်းကလေးတွေမှာ ပိုဖြစ်လေ့ရှိတာကို တွေ့ရပါတယ်။

 

>>    ရောဂါရှာဖွေဖော်ထုတ်ခြင်း

          ကလေးမှာ ဒီရောဂါဖြစ်နေလားဆိုတာကို တိတိကျကျစစ်နိုင်မယ့် စစ်ဆေးမှုတော့ မရှိပါဘူး။ မှန်ကန်တဲ့ရောဂါအဖြေကို ရဖို့ဆိုရင်တော့ သွေးစစ်၊ ဓာတ်မှန်ရိုက်၊ အရိုးကို စကင်ဖတ်၊ ECG စတဲ့ စစ်ဆေးမှုတွေ လုပ်ဖို့လိုနိုင်ပါတယ်။

          လက္ခဏာစပြပြီးတော့ ၆ လအကြာမှာဆိုရင် Rheumatoid factor ကို စစ်ဆေးဖို့အတွက် သွေးစစ်မှုတွေ အကြိမ်ကြိမ် လုပ်ဖို့လိုပါတယ်။ ဒါကတော့ ၃ လကြာတဲ့အထိ ဒီစစ်ဆေးချက်အဖြေက positive ဖြစ်နေတုန်းပဲလားဆိုတာကို ကြည့်ဖို့ ထပ်ထပ်စစ်ရတာပါ။

 

>>    နောက်ဆက်တွဲ ဆိုးကျိုးများ

●        Anterior uveitis - မကုဘဲထားရင် မျက်လုံးကန်းတဲ့အထိဖြစ်နိုင်တဲ့ မျက်လုံးအခြေအနေ။ ဒီဆိုးကျိုးဖြစ်နိုင်ချေကတော့ oligoarthritis ဖြစ်တဲ့ကလေးတွေမှာ ပိုများပါတယ်။ ဒါက ဘာလက္ခဏာမှမပြဘဲ ဖြစ်လာနိုင်တဲ့အတွက် ကလေးတွေကို မျက်လုံး ပုံမှန်စစ်ပေးဖို့ လိုပါတယ်။ oligoarthritis ဖြစ်တဲ့ကလေးတွေကို ၃-၄ လ တစ်ကြိမ်၊ polyarthritis ဖြစ်တဲ့ကလေးတွေမှာ ၆ လ တစ်ကြိမ် မျက်စိအထူးကုနဲ့ စစ်ဆေးမှုခံယူသင့်ပါတယ်။

 

>>    တခြား နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ -

●        ခြေထောက်တစ်ဖက်က တခြားဖက်ထက် ပိုရှည်ခြင်း

●        ကြွက်သားများ ကျုံ့ပြီးတော့ တိုသွားခြင်း

●        Ankylosing spondylitis - ကျောရိုးဆစ် ရောင်ရမ်းခြင်း

●        ကလေး ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်သွားခြင်း

●        သွေးခဲပြဿနာများ

●        သွေးအားနည်းရောဂါ

 

>>    ကုထုံးများ

          ကုထုံးရဲ့ရည်ရွယ်ချက်ကတော့ ကလေးက ပုံမှန်ဘဝနေထိုင်မှုပုံစံကို ရစေနိုင်ဖို့အတွက် အဆစ်တွေ ရောင်ရမ်းနာကျင်နေတာကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ပါ။ ဒါက ရေရှည်မှာ ခန္ဓာကိုယ် မသန်စွမ်းဖြစ်တာကိုလည်း အနည်းဆုံး လျှော့ချပေးနိုင်ပါတယ်။

 

>>    ဆေးဝါးများ

●        အကိုက်အခဲပျောက်ဆေးများ

●        အဆစ်ထဲကို အရောင်ကျဆေး ထိုးထည့်ခြင်း

●        အရောင်ကျဆေး သောက်ဆေး - prednisolone

●        Leflunomide, methotrexate စသော ဆေးများ

          ကလေးအများစုက ကုထုံးတစ်မျိုးထက် ပိုပြီးလိုအပ်ပါတယ်။ တချို့ကလေးတွေမှာ ကျောက်ပတ်တီးကိုင်တာ၊ လက်သိုင်းကျိုး စတာတွေနဲ့ အကြောအဆစ် ပြန်လည်သန်စွမ်းရေး ကုထုံးတွေလုပ်ဖို့ လိုပါတယ်။

          စိတ်ဖြေလျှော့ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေကလည်း ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ရေရှည်နာကျင်မှုမဖြစ်စေဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)