/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများတွင်-ဖြစ်လေ့ရှိသော-အဆုတ်ရောင်ရောဂါ

ကလေးများတွင် ဖြစ်လေ့ရှိသော အဆုတ်ရောင်ရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေ အဆုတ်ရောင်ပြီဆိုရင် အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်လေးတွေထဲမှာ ပြည်တွေ၊ အရည်တွေနဲ့ပြည့်လာလို့ အသက်ရှူရခက်ခဲပြီး အောက်စီဂျင်ကျတတ်ပါတယ်။ များသောအားဖြင့် ဘတ်တီးရီးယားပိုးကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်ပိုးနဲ့ မှိုရောဂါတချို့ကြောင့်လည်း အဆုတ်ရောင်နိုင်ပါတယ်။

အဆုတ်ရောင်ရောဂါဟာ ချောင်းဆိုး၊ နှာချေရာကနေတစ်ဆင့် ထွက်လာတဲ့ရောဂါပိုးမွှားတွေကို ရှူမိလို့ဖြစ်စေ၊ ဒီရောဂါပိုးမွှားတွေ ကပ်တွယ်နေတဲ့ မျက်နှာပြင်တွေကို ကိုင်တွယ်ပြီး ကလေးရဲ့ ပါးစပ်၊ နှာခေါင်း စတာတွေကို ပြန်ကိုင်မိလို့ဖြစ်စေ ကလေးဆီကို ကူးစက်နိုင်ပါတယ်။

Solmux Kids 1

အသက်ငါးနှစ်အောက်ကလေးတွေမှာ အဆုတ်ရောင်ပြီဆိုရင် ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူတဲ့အခါ တရွှီရွှီမြည်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အဖျားကတော့ ရှိချင်မှရှိပါလိမ့်မယ်။ အဆုတ်ရောင်ရောဂါလို့ နာမည်တပ်ဖို့ဆိုရင် ကလေးဟာ အသက်ရှူမြန်တာ၊ ဒါမှမဟုတ် အသက်ရှူတဲ့အခါ နံရိုးအောက် ရင်ဘတ်ချိုင့်ဝင်ခြင်းရှိတာနဲ့တင်ကို လုံလောက်နေပါပြီ။

ကိုယ်ခံအားနည်းတဲ့ကလေးတွေ၊ ရောဂါအခံတစ်ခုခုရှိတဲ့ ကလေးတွေဟာ သာမန်ကလေးတွေနဲ့ယှဉ်ရင် အဆုတ်ရောင်ရောဂါ ပိုဖြစ်နိုင်ချေ ရှိပါတယ်။ ဒါ့အပြင် အိမ်ထဲမှာ မီးသွေးမီးဖို၊ ထင်းမီးဖိုနဲ့ ထမင်းဟင်းချက်တာ၊ ကလေးအနားမှာ ဆေးလိပ်သောက်တာနဲ့ အိမ်သေးသေးလေးထဲမှာ မိသားစုဝင်တွေအများကြီး ပြည့်ကြပ်နေအောင်နေတာကလည်း ကလေးတွေကို အဆုတ်ရောင်ရောဂါဖြစ်နိုင်ချေ ပိုများစေပါတယ်။

Solmux Kids 2

ကလေးကို ကာကွယ်ဆေးထိုးပေးခြင်း၊ အာဟာရစုံလင်စွာ ကျွေးခြင်းဖြင့် အဆုတ်ရောင်ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
●  ကလေးဘဝက ထိုးရတဲ့ ကာကွယ်ဆေးတွေကို အပြည့်အစုံ ထိုးပေးပါ။ ငါးမျိုးစပ်ကာကွယ်ဆေးနဲ့ ဝက်သက်ကာကွယ်ဆေးတွေဟာ အဆုတ်ရောင်ရောဂါဖြစ်စေနိုင်တဲ့ ဝက်သက်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ Haemophillus influenzae နဲ့ Pneumococcal ဘတ်တီးရီယားတို့ကို ကာကွယ်ပေးပါလိမ့်မယ်။
●  ကလေးအသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ပါ။ ခြောက်လကျော်ရင် အာဟာရစုံလင်တဲ့ ဖြည့်စွက်စာတွေ စကျွေးပေးပါ။
●  အိမ်တွင်းလေထုညစ်ညမ်းမှုကို အတတ်နိုင်ဆုံး လျှော့ချပေးပါ။ မီးသွေးမီး၊ ထင်းမီးနဲ့ ထမင်းဟင်းချက်တယ်ဆိုရင် အိမ်အပြင်မှာပဲ ချက်ပါ။ ကလေးအနားမှာ ဆေးလိပ်မသောက်ပါနဲ့။ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ ဖွင့်ထားပေးပါ။

Dr. Aye Hsu Mon (www.drmyanmar.com)