ကလေးများတွင် အစာအဆိပ်သင့်ခြင်း
ရောဂါပိုးပါဝင်တဲ့ အစားအစာတွေကို စားမိတဲ့အခါမှာ အော့အန်ခြင်း၊ ဝမ်းလျှောဝမ်းပျက်ခြင်း ကဲ့သို့သော လက္ခဏာတွေ ရုတ်တရက် ဆိုးရွားစွာ ခံစားရနိုင်ပါတယ်။ အများအားဖြင့် ဆေးရုံဆေးခန်းမှာ ကုသဖို့မလိုဘဲ အိမ်တွင်းကုထုံးတွေနဲ့ သက်သာပါတယ်။
မိမိရဲ့ကလေး အစာအဆိပ်သင့်ပါက ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် အရည်များများ တိုက်ဖို့လိုသလို ပြည့်ပြည့်ဝဝ အနားပေးဖို့လည်း အရေးကြီးပါတယ်။ ကလေးက ရက်အနည်းငယ်အတွင်းမှာ လက္ခဏာတွေသက်သာပြီး ပိုကောင်းလာပါလိမ့်မယ်။
>> အစာအဆိပ်သင့်ခြင်း ဖြစ်စေသော အကြောင်းအရင်းများ
မကြာခဏဆိုသလိုပဲ တိရိစ္ဆာန်ကနေရတဲ့ အစားအစာတွေဖြစ်တဲ့ အား၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများနဲ့ ပင်လယ်စာတွေစားပြီး အစာအဆိပ်သင့်လေ့ ရှိပါတယ်။ ဒါ့အပြင် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အခြားအစားအစာတွေကို အစိမ်းတွေကို ရေမဆေးဘဲ စားရင်လည်း ရောဂါပိုးကူးစက်ခံရပြီး နေမကောင်း ဖြစ်စေနိုင်ပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါကဲ့သို့သောရောဂါတွေ (သို့) ကိုယ်ခံအားနည်းတဲ့သူတွေမှာ ကျန်းမာတဲ့သူတွေထက်ပိုပြီး အစာအဆိပ်သင့်နိုင်ချေ ပိုများပါတယ်။
>> အစာအဆိပ်သင့်သော လက္ခဏာများ
အစာအဆိပ်သင့်ခြင်းဖြစ်စေတဲ့ ပိုးအမျိုးအစားအပေါ် မူတည်ပြီး လက္ခဏာတွေလည်း မတူကြပါဘူး။ တစ်ခါတလေမှာ ပိုးပါတဲ့အစာ (သို့) အရည်တစ်ခုခ ုသောက်ပြီး တစ်နာရီ ၂ နာရီအတွင်းမှာ ကလေးနေမကောင်း ဖြစ်လာနိုင်သလို ရက်သတ္တပတ် အတော်ကြာအောင် လက္ခဏာလုံးဝမပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ ၁-၁၀ ရက်လောက်အတွင်းမှာ ရောဂါပျောက်ကင်းသွားလေ့ ရှိပါတယ်။
အစာအဆိပ်သင့်တဲ့ ပုံမှန်လက္ခဏာတွေကတော့ -
● ပျို့ခြင်း၊ အော့ခြင်း
● ဗိုက်အောင့်၊ ဗိုက်နာခြင်း
● အန်ခြင်း
● ဝမ်းပျက်ဝမ်းလျှောခြင်း
● ကိုယ်ပူခြင်း
● ခေါင်းကိုက်ခြင်းနှင့် တစ်ကိုယ်လုံးနုံးချိနေခြင်း
မူးဝေခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ လက်များ ထုံလာခြင်း စတာတွေ ဖြစ်တတ်ပေမယ့်လည်း ရှားပါတယ်။ အရမ်းရှားပါးတဲ့ဖြစ်စဉ်အနေနဲ့ အစာအဆိပ်သင့်ခြင်းနဲ့အတူဖြစ်တဲ့ အားနည်းခြင်းကြောင့် အသက်ရှူရ ခက်စေပါတယ်။
Listeria, E.coli စတဲ့ အချို့သော ကူးစက်နိုင်တဲ့ပိုးတွေက နှလုံး၊ ကျောက်ကပ်နဲ့ သွေးထွက်ခြင်းစတဲ့ အန္တရာယ်ရှိတဲ့ပြသနာတွေကိုဖြစ်စေနိုင်ပါတယ်။
>> ဘယ်အချိန်မှာဆေးခန်းပြကြမလဲ?
အများအားဖြင့်တော့ အစာအဆိပ်သင့်တာက ဆေးခန်းပြဖို့မလိုဘဲ ပြင်းထန်မှသာ ဆေးရုံဆေးခန်းပြဖို့ လိုပါတယ်။ အစာအဆိပ်သင့်တဲ့အခါမှာ အဆိုးရွားဆုံးလက္ခဏာတစ်ခုက ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်ပါတယ်။ ကျန်းမာတဲ့ကလေးတစ်ယောက်အနေနဲ့ အရည်တွေကို လုံလုံလောက်လောက် သောက်ပေးနေနိုင်သမျှ အန်ခြင်း၊ ဝမ်းလျှောခြင်းတွေကြောင့် ဆုံးရှုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။
ကလေးမှာ အောက်ပါလက္ခဏာတွေဖြစ်ရင်တော့ ဆေးရုံ၊ ဆေးခန်း အမြန်သွားပြပါ -
● ၁၂ နာရီထက်ပိုပြီး အန်ခြင်း
● ကိုယ်အပူချိန် 101°F (38.3°C) အထက်ရှိပြီး ဝမ်းပျက်ဝမ်းလျှောခြင်း
● ဝမ်းသွားပြီးသော်လည်း ပျောက်မသွားဘဲ ပြင်းထန်စွာ ဗိုက်နာခြင်း
● ဝမ်းထဲတွင် သွေးပါခြင်း (သို့) အန်ရင် သွေးပါခြင်း
● ဝမ်းမဲမဲသွားခြင်း
● နှလုံးခုန်မြန်လွန်းခြင်း
ဒါတွေအပြင် အောက်ပါ ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွေကိုလည်း စောင့်ကြည့်ဖို့ လိုပါတယ် -
● ရေ အလွန်အမင်းငတ်ခြင်း
● ဆီးနည်းခြင်း (သို့) ဆီး လုံးဝမသွားခြင်း
● မူးဝေခြင်း
● မျက်တွင်းချိုင့်ခြင်း
● အားနည်းခြင်း
မကြာခင်ကမှ နိုင်ငံခြားခရီးသွားထားပြီး ကလေး ဝမ်းလျှောတယ် (သို့) အစာအိမ်ပြဿနာတွေ ဖြစ်တယ်ဆိုရင် ဆေးခန်းသွားပြပါ။
ကလေးမှာ ကျောက်ကပ်ရောဂါ၊ သွေးအားနည်းရောဂါကဲ့သို့သော ကျန်းမာရေးအခြေအနေတွေနဲ့ ကိုယ်ခံအားနည်းတယ်ဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်းကို ပိုဆိုးစေနိုင်တဲ့အတွက် ဆေးခန်းချက်ချင်းပြဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း အစာအဆိပ်သင့်စေတဲ့ အချို့သော ဘက်တီးရီးယားပိုးတွေက သန္ဓေသားကို ထိခိုက်စေနိုင်တဲ့အတွက် ဆရာဝန်နဲ့ပြသရပါမယ်။
>> ကုသခြင်း
ကလေး စားခဲ့တဲ့အစားအစာတွေနဲ့ ရောဂါလက္ခဏာစပြတဲ့အချိန်ကို မေးပြီး ကလေးကို စမ်းသပ်ပါလိမ့်မယ်။ ပြီးရင် အစာအဆိပ်သင့်စေတဲ့ပိုးကို သိနိုင်ဖို့အတွက် သွေး၊ ဝမ်း၊ ဆီးတွေ စစ်ကြည့်ပါမယ်။
အများအားဖြင့်တော့ အစာအဆိပ်သင့်တာက သူ့အလိုလို ပြန်ကောင်းသွားလေ့ရှိပါတယ်။ တစ်ခါတလေမှာတော့ ဘက်တီးရီးယားပိုးဝင်တာဆိုးရင် ပိုးသတ်ဆေးသောက်ဖို့ လိုပါတယ်။ ရေဓာတ် ခမ်းခြောက်တာများရင်လည်း ဆေးရုံတက်ပြီး အကြောကနေ အရည်တွေသွင်းပေးဖို့ လိုပါတယ်။
အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း
● ပြည့်ပြည့်ဝဝ အနားယူပါစေ။
● ရေဓာတ် မခမ်းခြောက်စေဖို့အတွက် အရည်များများ တိုက်ပါ။ ဓာတ်ဆားရည်တွေက ကောင်းပါတယ်။ နို့၊ ကဖင်းပါတဲ့ဖျော်ရည်တွေကလွဲရင် ဘယ်အရည်မဆို တိုက်နိုင်ပါတယ်။
● အရည်ကို နည်းနည်းနဲ့ မကြာခဏ တိုက်ပေးပါ။
● ဝမ်းပျက်ဝမ်းလျှောတာ မရပ်မချင်း အဖတ်နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။
● ဝမ်းပိတ်ဆေး လုံးဝမတိုက်ပါနဲ့။ ဝမ်းပိတ်ဆေးတွေက ရောဂါလက္ခဏာကို ပိုကြာစေပါတယ်။ ဝမ်းလျှောတာ၊ အန်တာ ရပ်သွားရင် နောက်ထပ် အစာအိမ်ပြဿနာတွေ မဖြစ်စေဖို့အတွက် အဆီနည်းတဲ့ ကြိတ်ချေထားတဲ့အသားတွေကို နည်းနည်းချင်း စပြီး ကျွေးပေးပါ။
● ရောဂါလက္ခဏာ ပိုဆိုးလာပါက (သို့) ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွေ ဖြစ်လာပါက ဆေးရုံ၊ဆေးခန်း သွားပြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























