/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများနဲ့-စကားထစ်ခြင်း

ကလေးများနဲ့ စကားထစ်ခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးလေးတွေမှာ စကားထစ်တာဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ဒါကို ကျော်လွှားနိုင်အောင် ကူညီနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြသွားပါမယ်။ အသက် ၂ နှစ်မှ ၅ နှစ်အတွင်း ကလေးတွေဟာ စကားထစ်လေ့ ရှိကြပါတယ်။

          ကလေးလေးတွေရဲ့ စိတ်အတွေးရေယာဉ်ကြောဟာ အင်မတန်မြန်ဆန်ပါတယ်။ ဒါ့အပြင် ဒီအချိန်မှာ ကလေးတွေဟာ သူတို့ရဲ့စိတ်ကူးတွေကို နားလည်နိုင်မယ့် ဘာသာစကားအဖြစ် ပြောင်းလဲနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ အမှားတွေ ပြောမိနိုင်ပြီး အထူးသဖြင့် ပင်ပန်းနေချိန်၊ ဝမ်းနည်းနေချိန်၊ စိတ်လှုပ်ရှားနေချိန်တွေမှာ ပိုဆိုးတတ်ပါတယ်။ ဒါတွေဟာ ပုံမှန်ဖြစ်ရပ်တွေသာဖြစ်ပြီး အချိန်တန်ရင် သူ့အလိုလို အဆင်ပြေသွာပါလိမ့်မယ်။

>>    စကားထစ်ခြင်း

          စကားထစ်တယ်ဆိုတာဟာ စကားကို ဖြောင့်ဖြောင့်ဖြူးဖြူး မပြောတတ်ဘဲ ထစ်ငေါ့ငေါ့ ဖြစ်နေတာမျိုးကို ဆိုလိုပါတယ်။ လူတိုင်းအရွယ်မရွေး စကားထစ်နိုင်ပေမယ့် ကလေး သေးသေးလေးတွေဟာ စကားလုံးတွေကို ပုံဖော်ဖို့ ကြိုးစားနေရချိန် ဖြစ်တာကြောင့် ပိုဖြစ်နိုင်ခြေ များပါတယ်။ အလွန်ဆိုးဆိုးရွားရွား စကားထစ်ရင်တောင်မှ ဒါဟာ တစ်သက်လုံး ဖြစ်သွားမယ်လို့ မပြောနိုင်ပါဘူး။

Ceelin Plus 1

>>    ဖြစ်ရတဲ့ အကြောင်းရင်းများ

●      မိသားစုရာဇဝင် : မျိုးရိုးလိုက်တတ်တယ်လို့ မယူဆပေမယ့် မိသားစုဝင် တစ်ယောက်ယောက်မှာ တစ်ချိန်ချိန်မှာ စကားထစ်ခြင်း ခံစားခဲ့ရဖူးရင် ပိုဖြစ်နိုင်တယ်လို့ သိရပါတယ်။

●      ဖွံ့ဖြိုးမှုပြဿနာ : ကလေးမှာ အခြားဖွံ့ဖြိုးမှုပြဿနာတွေ ရှိနေခဲ့ရင် စကားထစ်နိုင်ပါတယ်။

●      ပတ်ဝန်းကျင်အခြေအနေ : မိဘတွေ အလွန်မျော်မှန်းချက်ကြီးပြီး တွန်းတတ်ရင်လည်း ကလေး စကားထစ်နိုင်ပါတယ်။

●      မွေးရာပါ ဦးနှောက်ချို့ယွင်းမှု : ဦးနှောက်ရဲ့ ဘာသာစကား ထိန်းချုပ်တဲ့နေရာမှာ မျိုးရိုးဗီဇ ပုံမမှန်ခဲ့ရင်လည်း စကားထစ်နိုင်ပါတယ်။ ဦးနှောက်နဲ့ စကားပြောတဲ့အခါပါတဲ့ ကြွက်သားကြား ဆက်နွယ်မှုကိုလည်း ထိခိုက်နိုင်ပါတယ်။

●      ဦးနှောက်ထိခိုက်မှု : လေဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့်လည်း စကားထစ်နိုင်ပါသေးတယ်။

●      စကားပြောမြန်ခြင်း : ကလေးဟာ စကားပြောဖို့ လေ့လာနေဆဲ ကလေးတွေမှာလည်း စကားအမြန်ပြောဖို့ ကြိုးစားတဲ့အခါ စကားထစ်တတ်ပါတယ်။

●      အလွန်သွက်ခြင်း : တချို့ကလေးတွေဟာ တစ်ချက်ကလေးမှ အငြိမ်မနေ လှုပ်ရှားနေတဲ့အတွက် စကားထစ်နိုင်ပါတယ်။

          စကားထစ်ခြင်းဟာ ကိုယ်ခန္ဓာ သို့မဟုတ် စိတ်ခံစားချက် ဒဏ်ရာရခြင်းကြောင့် ဖြစ်လေ့ရှိပါတယ်။

>>    ဘယ်အချိန်မှာ ကုသမှုခံယူဖို့ လိုနိုင်မလဲ?

          ကလေး အသက် ၅ နှစ်ကျော်ပြီး စကားထစ်နေတုန်းဆိုရင် ကလေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။

●        စကားပြောတိုင်း စကားလုံး သို့မဟုတ် စာကြောင်းကို ထပ်ခါထပ်ခါ ပြောနေခြင်း

●        ခဏခဏ ပြန်ပြန်ပြောနေတတ်ခြင်း

●        စကားပြောတဲ့အခါ တောင့်တင်းသွားပြီး ကိုယ်ခန္ဓာ သို့မဟုတ် မျက်နှာကို လှည့်လိုက်ခြင်း

●        နားမလည်နိုင်တဲ့စကားတွေ ပြောနေခြင်း

●        စကားထစ်မှာကြောက်လို့ စကားလုံး ပြောင်းပြောခြင်း

●        စကားပြောရမယ့် အခြေအနေတွေကို ရှောင်နေခြင်း

●        အခြားဖွံ့ဖြိုးမှုပြဿနာတွေ ရှိနေခြင်း

          စတာတွေ ရှိနေခဲ့ရင် စကားပြောပညာရှင်တွေနဲ့ တွေဆုံသင့်ပါတယ်။

Ceelin Plus 2

>>    မိဘတွေအတွက် နည်းလမ်းကောင်းများ

          မိဘတွေဟာလည်း ကလေးရဲ့စကားထစ်တဲ့ပြဿနာကို ဖြေရှင်းပေးရာမှာ ပါဝင်နိုင်ပါတယ်။

●        စကားပြောရတာ ပျော်ရွှင်စရာဖြစ်အောင် ဖန်တီးပေးပါ။

●        စကားပြောနေတုန်း ဝင်ဝင်ပြင်ဆင်တာ မလုပ်ပါနဲ့။

●        ထမင်းစားချိန်မှာ တီဗီမကြည့်ဘဲ မိသားစု စကားပြောချိန်အဖြစ် သတ်မှတ်ပေးပါ။

●        ကလေးစကားပြောချိန် ဖြတ်မပြောပါနဲ့။ ပြန်မပြောခိုင်းပါနဲ့။

●        အိမ်တွင်းရေး တည်ငြိမ်အောင်လုပ်ပါ။

●        ကလေး စကားထစ်တဲ့အခါ စိတ်ညစ်တဲ့အမူအရာ၊ မျက်နှာလွှဲဖယ်တာမျိး မလုပ်ပါနဲ့။

●        စကား ဖြည်းဖြည်းပြောတာကို အလေ့အကျင့်လုပ်ပါ။

●        ကလေး စကားပြောနေချိန် အမှားပြင်တာ၊ ဝေဖန်တာတွေ မလုပ်ပါနဲ့။ ကလေးကို ပိုပြီးစိတ်ပူပန်စေပြီး ပိုဆိုးသွားစေပါလိမ့်မယ်။

          ဒါနဲ့မှ မသက်သာလာခဲ့ရင် စကားပြောပညာရှင်နဲ့ တွေ့ဆုံ အကူအညီတောင်းကြည့်ပါ။

www.drmyanmar.com

(Unicode)



































www.drmyanmar.com