ကလေးများနဲ့ ဓာတ်မတည့်သည့်ရောဂါ
ဓာတ်မတည့်ခြင်းဆိုတာ ကိုယ်ခံအားစနစ်က တုံ့ပြန်မှုလွန်ကဲလို့ဖြစ်ရတဲ့ ရောဂါတစ်မျိုးပါ။ တချို့အရာတွေက သာမန်လူတွေအတွက် အန္တရာယ်မရှိပေမယ့် ဒီရောဂါရှိတဲ့ကလေးတွေမှာတော့ ဒီလိုအရာတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါ ကိုယ်ခံအားစနစ်က Histamine လို့ခေါ်တဲ့ဒြပ်ပေါင်းတွေ အများအပြားထုတ်ပြီး တိုက်ခိုက်တာကြောင့် ဓာတ်မတည့်တဲ့လက္ခဏာတွေ ဖြစ်လာရတာပါ။
တစ်ရာသီတည်းဖြစ်တဲ့ ဓာတ်မတည့်ခြင်းနဲ့ တစ်နှစ်ပတ်လုံးဖြစ်နေတဲ့ ဓာတ်မတည့်ခြင်းဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ တစ်ရာသီတည်းဖြစ်တဲ့ ဓာတ်မတည့်ခြင်းကတော့ များသောအားဖြင့် ပန်းဝတ်မှုန်ကြောင့်ဖြစ်ပြီး ပန်းဝတ်မှုန်ပေါ်တဲ့ရာသီမှာ ဖြစ်လေ့ရှိပါတယ်။ ပန်းဝတ်မှုန်အပြင် တခြားဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေ ရှိခဲ့မယ်ဆိုရင်တော့ တစ်နှစ်ပတ်လုံး ဘယ်အချိန်မှာမဆို ဖြစ်နိုင်ပါတယ်။
Solmux Kids 1

>> ဘယ်အရာတွေက ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သလဲ?
● သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေ၊ မှိုတွေ၊ တိရစ္ဆာန်အရေပြားက ကွာကျလာတဲ့ အညစ်အကြေးတွေ၊ ပန်းဝတ်မှုန်တွေကို ရှူရှိုက်မိလို့ဖြစ်စေ
● မတည့်တဲ့ အစားအသောက်တွေ၊ မတည့်တဲ့ဆေးဝါးတွေကို သောက်သုံးလိုက်မိလို့ဖြစ်စေ
● ပျားတုပ်တာ၊ ပင့်ကူရှပ်တာလိုမျိုး အင်းဆက်အဆိပ်တွေကြောင့်ဖြစ်စေ ဓာတ်မတည့်ခြင်းကို ဖြစ်စေပါတယ်။
>> ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ?
● ဓာတ်မတည့်တဲ့အရာတွေကို ရှူရှိုက်မိရင်တော့ နှာစေးနှာပိတ်ခြင်း နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းယားယံခြင်း၊ မျက်လုံးနီရဲပီး မျက်ရည်ကျခြင်းတွေကို ခံစားရနိုင်ပါတယ်။
● မတည့်တဲ့ အစားအသောက်တွေနဲ့ ဆေးဝါးတွေ သောက်သုံးမိတာနဲ့ အင်းဆက်အဆိပ်ကြောင့်ဆိုရင်တော့ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ တရွှီရွှီမြည်ခြင်း၊ လည်ချောင်းနာခြင်းတို့အပြင် ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဖောရောင်ခြင်း၊ သွေးပေါင်ကျခြင်းနဲ့ သတိလစ်ခြင်းတို့ကိုပါ ခံစားရနိုင်ပါတယ်။
ဓာတ်မတည့်တာ အရမ်းဆိုးရင်တော့ Anaphylaxis လို့ခေါ်တဲ့ ပြင်းထန်ဓာတ်မတည့်တုံ့ပြန်မှုဖြစ်ပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်ပါတယ်။
Solmux Kids 2

>> ဓာတ်မတည့်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်လို့ရသလဲ?
● ကလေးကို ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေနဲ့ မထိတွေ့အောင် ဂရုစိုက်ပါ။
● ကလေးရဲ့အခန်းကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ် စတာတွေကို အမွှေးပွပွတွေ မသုံးဘဲ ပြောချောပိတ်စတွေပဲ သုံးပါ။ ကလေးအခန်းထဲမှာ ကော်ဇောတွေ မထားပါနဲ့။ အိမ်မွေးတိရစ္ဆာန်တွေ ရှိတယ်ဆိုရင် ကလေးအခန်းထဲ မဝင်ပါစေနဲ့။
● ပန်းဝတ်မှုန်ပေါ်ချိန်ဆိုရင် ပြတင်းပေါက်တွေ ပိတ်ထားပေးပါ။ အပြင်ကပြန်လာပြီးတိုင်း ကလေးကို ချက်ချင်း အဝတ်အစားလဲပေးတာ၊ ဒါမှမဟုတ် ရေချိုးပေးတာမျိုး ပြုလုပ်ပေးပါ။
● ကလေးကို မတည့်တဲ့အစားအသောက်တွေ မကျွေးမိအောင် ဂရုစိုက်ပါ။ အသင့်စားအစားအသောက်တွေ ဝယ်မယ်ဆိုရင်လည်း ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပြီးမှ ဝယ်ပါ။
Dr. Aye Hsu Mon (www.drmyanmar.com)






























