/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများနဲ့-အဆုတ်ရောင်ခြင်း

ကလေးများနဲ့ အဆုတ်ရောင်ခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

အဆုတ်မှာ ပိုးဝင်တာကို နမိုးနီးယား အဆုတ်ရောင်ခြင်းလို့ ခေါ်ပါတယ်။ ကလေးတွေမှာ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးတွေကြောင့် အဆုတ်ရောင်တတ်ပါတယ်။
ပိုးဝင်တာကြောင့် အဆုတ်ရဲ့ လေလမ်းကြောင်းသေးသေးလေးတွေ ရောင်ရမ်းပြီး အချွဲတွေ အများကြီး ထုတ်တော့တာပေါ့။ ဒီအချွဲတွေက လေလမ်းကြောင်းကို ပိတ်တဲ့အခါ အဆုတ်ထဲ အောက်စီဂျင်ဝင်တာ နည်းလာပါတော့တယ်။
တစ်ခါတလေ အဆုတ်ရောင်တာဟာ အအေးမိတာလိုမျိုး ပိုးဝင်ပြီး နောက်မှာလိုက်ဖြစ်တတ်ပါတယ်။ တစ်ခါတလေကျရင် အဆုတ်ရောင်ပြီးနောက် နောက်ဆက်တွဲတွေ ဖြစ်တတ်ပေမယ့်လည်း ရှားတော့ရှားပါတယ်။ ကလေးကို စောင့်ကြည့်ဖို့တော့ လိုတာပေါ့။

>>  အဆုတ်ရောင်ခြင်းရဲ့လက္ခဏာများ
ကလေးအသက်နဲ့ အဆုတ်ရောင်ရတဲ့ အကြောင်းရင်းတွေပေါ် မူတည်ပြီးကွာခြားပါတယ်။ များသောအားဖြင့်တော့ အောက်ဖော်ပြပါလက္ခဏာ တစ်ခုနဲ့အထက် ရှိတတ်ပါတယ်။
●  အဖျားကြီးခြင်း
●  အသက်ရှူမြန်ခြင်း၊ ခက်ခဲခြင်း (ကလေးရဲ့နံကြားလေးတွေ ချိုင့်ဝင်သွားမယ်၊ နှာခေါင်းလေးတွေ ပွချည်ရှုံ့ချည်ဖြစ်လာမယ်။)
●  ချောင်းဆိုးခြင်း
●  ပုံမှန်ထက်ပိုနုံးခြင်း
●  ရင်ဘတ်အောင့်ခြင်း (အထူးသဖြင့် ချောင်းဆိုးချိန်)
●  ဗိုက်အောင့်ခြင်း

Atussin Kids 1

>>  ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ?
ကလေးမှာ အဆုတ်ရောင်တယ်လို့ထင်ရင် ဆရာဝန်နဲ့ပြပါ။ များသောအားဖြင့်တော့ ကလေးမှာ ဘာစစ်ဆေးမှုမှ မလိုတတ်ပေမယ့် တစ်ခါတလေ သွေးစစ်တာ၊ ရင်ဘတ်ဓာတ်မှန်ရိုက်တာမျိုး လုပ်တတ်ပါတယ်။

>>  အဆုတ်ရောင်ခြင်း ကုသနည်းများ
●  ဘက်တီးရီးယားအဆုတ်ရောင်ခြင်း
ဘက်တီးရီးယားကြောင့်ဖြစ်တယ်ဆိုရင် ပိုးသတ်ဆေးပေးဖို့ လိုပါတယ်။ အပျော့စားဆိုရင်တော့ အိမ်မှာပဲ သောက်ဆေး သောက်လို့ရပါတယ်။ ပိုးသတ်ဆေးသောက်ပြီး ၄၈ နာရီအတွင်းမှာ သက်သာသွားမှာပါ။ ကလေး သက်သာလာရင်တောင် ပိုးသတ်ဆေးကို ရက်ပြည့်အောင်သောက်ဖို့ အရေးကြီးပါတယ်နော်။ ၃ ရက်ကနေ ၇ ရက်ထိ သောက်ဖို့ လိုပါတယ်။ ၃ ပတ်လောက်ထိတော့ ချောင်းဆက်ဆိုးနေနိုင်လို့ ဘာမှထူးထူးခြားခြား မဖြစ်ဘူးဆိုရင် စိုးရိမ်စရာ မလိုပါဘူး။
အရမ်းဆိုးရင်တော့ ဆေးရုံတက်ပြီး ပိုးသတ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ တချို့ကလေးတွေဆို အောက်စီဂျင်ပေး၊ ဆေးရည်ထည့်ပေးဖို့ လိုနိုင်ပါတယ်။

●  ဗိုင်းရပ်စ်အဆုတ်ရောင်ခြင်း
ဗိုင်းရပ်စ်အဆုတ်ရောင်ခြင်းဟာ ဘက်တီးရီးယားလောက် မဆိုးပါဘူး။ ဒါပေမဲ့ နာလန်ထူဖို့အချိန်ကတော့ ၄ ပတ်လောက်ထိ ယူရနိုင်ပါတယ်။ ဗိုင်းရပ်စ်အတွက်တော့ ပိုးသတ်ဆေး မလိုပါဘူး။

Atussin Kids 2

>>  အိမ်မှာ ဘာတွေလုပ်ပေးနိုင်သလဲ?
ရိုးရိုးအဆုတ်ရောင်တာပဲ ဆိုရင်တော့ အိမ်မှာပဲထားပြီး ကုပေးလို့ရပါတယ်။
●  အနားကောင်းကောင်းယူဖို့ လိုပါတယ်။
●  ရေဓာတ်ပြည့်ဝအောင် ရေ မကြာမကြာ တိုက်ပေးပါ။
●  ကလေးအများစုက အစာမစားချင်တတ်ကြပါဘူး။ ရေလေး ဝင်နေရင် မစိုးရိမ်ပါနဲ့။
●  ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိုက်ပါ။
●  ခေါင်းအုံးတွေ ဆင့်ခံပြီးအိပ်တာက ပိုကောင်းပါတယ်။
●  ကလေးက ရင်ဘတ်အောင့်တာတို့၊ အဖျားကြီးတာတို့ တစ်ခုခုရှိရင် ပါရာစီတမောတို့၊ အိုင်ဗျူပရိုဖန်တို့ တိုက်ပေးနိုင်ပါတယ်။
(အိုင်ဗျူပရိုဖန်ကို အသက် ၃ လအောက်နဲ့ ရေဓာတ်ခမ်းခြောက်နေတဲ့ ကလေးတွေကို မတိုက်ပါနဲ့။ အက်စ်ပရင် လုံးဝလုံးဝ မတိုက်သင့်ပါဘူးနော်။)
●  ကလေးနားမှာ ဆေးလိပ်မသောက်ပါနဲ့။
●  ရက်ချိန်းပြန်ပြဖို့ကို ဆရာဝန်က ပြောပါလိမ့်မယ်။

>>  ကလေးမှာ အဆုတ်ရောင်ပြီး ဒီလက္ခဏာတွေရှိရင် ဆရာဝန်နဲ့ပြပါ။
●  အသက်ရှူ ပိုကြပ်လာပြီး တအင့်အင့်ဖြစ်နေရင်
●  မှိန်းလာရင်
●  အန်နေရင်၊ ရေမသောက်တော့ရင်
●  ကလေးအတွက် စိတ်ပူရင် ပြန်ပြပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)