ကလေးများနဲ့ အပူလောင်ခြင်း
ကလေးတွေမှာ နေပူလောင်တာက စလို့၊ ရေနွေးပူလောင်တာ၊ မီးလောင်ခြင်း၊ ဓာတ်လိုက်ခြင်း၊ ဓာတုပစ္စည်းလောင်ခြင်း စသည်ဖြင့် အပူလောင်ခြင်းတွေကြောင့် အရေပြားနုနုလေးတွေမှာ အမာရွတ် ရုပ်ဆိုးဆိုးနဲ့ ဒဏ်ရာတွေ မဖြစ်ရလေအောင် သတိထား ကာကွယ်ပေးရပါမယ်။ အကယ်၍ သတိထားနေတဲ့ကြားထဲက ဖြစ်ခဲ့ရင် -
>> ချက်ချင်းကုသနည်းများ
၁။ တတ်နိုင်သမျှ မြန်မြန် ရေအေးအေးလေး လောင်းချလိုက်ပါ။ ဒါမှ အေးသွားပြီး အနာ သက်သာသွားမှာပါ။ ရေခဲ ကပ်ပါနဲ့။ ရေခဲကပ်ခြင်းဖြင့် အနာကျက်တာကို ပိုနှေးသွားစေပါလိမ့်မယ်။ အပူလောင်တဲ့နေရာကို သွားမပွတ်ပါနဲ့။ အရည်ကြည်ဖုတွေ ပိုထလာပါလိမ့်မယ်။
၂။ အပူလောင်တဲ့နေရာက အဝတ်အစားတွေကို ချက်ချင်း ရေစိမ်ပြီး ချွတ်လိုက်ပါ။ အကယ်၍ အသားမှာ ကပ်နေရင်တော့ အတင်းမခွာဘဲ ဘေးက အနားသားတွေကိုသာ ညှပ်လိုက်ပါ။
၃။ ထိခိုက်မိတဲ့နေရာမှာ အရည်တွေ စိမ့်ထွက်မနေဘူးဆိုရင် ပတ်တီးသန့်သန့်၊ အဝတ်သန့်သန့်လေးနဲ့ ပတ်ထားပေးပါ။
၄။ အရည်တွေ စိမ့်ထွက်နေတယ် ဆိုရင်တော့ ပတ်တီးလေးနဲ့ ဖွဖွလေးအုပ်ပြီး ဆရာဝန်ဆီ ခေါ်သွားပေးပါ။ ပတ်တီးမရှိရင် အဝတ်သန့်သန့်အခြောက်နဲ့ အုပ်ထားနိုင်ပါတယ်။
၅။ အနာပေါ်မှာ ထောပတ်၊ အဆီ၊ ပေါင်ဒါ ဘာမှမတင်ပါနဲ့။ ဒီအိမ်တွင်းနည်းလမ်း ဆိုတာတွေက အနာကို ပိုဆိုးစေပါလိမ့်မယ်။ အပေါ်ယံလောင်တာမဟုတ်တဲ့ အနာတွေနဲ့ နီရဲနာကျင်နေတာက နာရီပိုင်းအတွင်း မပျောက်သွားတဲ့ အနာတွေကိုတေ့ာ ဆရာဝန်နဲ့ပြတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ လျှပ်စစ်ဒဏ်ရာတွေ၊ လက်၊ ပါးစပ်နဲ့ လိင်အင်္ဂါကို လောင်ကျွမ်းတဲ့အနာတွေကိုတော့ ချက်ချင်းဆေးရုံမှာ ပြသကုသမှု ခံယူရပါမယ်။ ဓာတုပစ္စည်းတွေကြောင့် အပူလောင်တဲ့အခါမှာလည်း အရေပြားထဲ ဓာတ်ပစ္စည်းတွေ ဝင်သွားပြီး အခြားလက္ခဏာတွေ ပြလာနို်င်ပါတယ်။ ဒီဓာတုပစ္စည်းတွေကို ဖယ်ရှားဖို့ ဆရာဝန်နဲ့ ပြသရပါမယ်။
အကယ်၍ ဆရာဝန်က မစိုးရိမ်ရဘူးလို့ထင်ရင် အိမ်မှာပဲ ဘယ်လိုဆေးကြောပြီး ဆေးတွေ၊ ပတ်တီးတွေ ဘယ်လိုထည့်ရမယ်ဆိုတာ သင်ကြားပေးလိုက်ပါလိမ့်မယ်။ အိမ်မှာ ကုသတဲ့အခါမှာ နီရဲလာတာ၊ ရောင်ရမ်းလာတာ၊ အနံ့ဆိုးဆိုးတွေနဲ့ အရည်တွေ စိမ့်ထွက်လာတာမျိုး ရှိ၊ မရှိကို အမြဲစောင့်ကြည့်ပါ။ ဒီလက္ခဏာတွေ ပေါ်လာတာဟာ ပိုးဝင်တာကို ညွှန်ပြပြီး ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။
>> ဘယ်အချိန်မှာ ဆေးရုံတက်ဖို့ လိုမလဲ?
● အပူလောင်နာအဆင့် (၃) ဖြစ်ခဲ့ရင်
● ကိုယ်ခန္ဓာရဲ့ ၁၀% အထက် ပါခဲ့ရင်
● မျက်နှာ၊ လက်၊ ခြေထောက်၊ လိင်အင်္ဂါနဲ့ လှုပ်ရှားရတဲ့ အဆစ်အမြစ်တစ်ခုခုကို လောင်ခဲ့ရင်
● ကလေးဟာ အရမ်းကို ငယ်ရွယ်ပြီး ဂျီကျခဲ့ရင်၊ အိမ်မှာ ကုရခက်ခဲ့ရင်
ဆေးရုံတက်သင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
● ကိုယျခန်ဓာရဲ့ ၁၀% အထကျ ပါခဲ့ရငျ
Dr. Mya Phoo Ngon (www.drmyanmar.com)






























