/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများနဲ့-အဝလွန်ခြင်းပြဿနာ

ကလေးများနဲ့ အဝလွန်ခြင်းပြဿနာ

Category
ကလေးများနှင့်ကျန်းမာရေး

အဝလွန်ခြင်းဆိုတာ ကလေးတွေကြားမှာ အဖြစ်များတဲ့ပြဿနာတစ်ရပ်ပါ။ ကလေးတွေ အဝလွန်ရတဲ့ အကြောင်းရင်းတွေကတော့ တစ်ခုမကပါဘူး။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ စားသောက်တာ၊ ပမာဏ အများကြီးစားတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းလာတာတို့က အဓိကတရားခံတွေပါ။ ဒါ့အပြင် မိဘတွေလုပ်လေ့ရှိတဲ့ တချို့အပြုအမူတွေကလည်း ကလေးတွေကို အဝလွန်စေနိုင်တာကြောင့် မိဘတွေအနေနဲ့ သတိထားဆင်ခြင်ဖို့ လိုအပ်ပါတယ်။

ဒီအပြုအမူတွေကတော့ -
၁။  ဗိုက်ဆာတယ်ပြောတိုင်း အစားအသောက်ကျွေးခြင်း
ကလေး ဗိုက်ဆာနေတာကို ကျွေးတာ ဘာမှားလို့လဲလို့ ထင်နိုင်ပါတယ်။ တကယ်က ကလေးငယ်လေးတွေအနေနဲ့ သူတို့ တကယ်ဗိုက်ဆာတာ ဟုတ်၊ မဟုတ်ကို ခွဲခြားသိဖို့ခက်ခဲလို့ တစ်ခုခုစားချင်တဲ့အချိန်၊ ဒါမှမဟုတ် ပျင်းနေတဲ့အချိန်ဆိုရင်လည်း ဗိုက်ဆာတယ်လို့ပဲ သုံးတတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေ ဗိုက်ဆာတယ်လို့ပြောတိုင်း ချက်ချင်းမကျွေးဘဲ ခဏစောင့်ကြည့်ပါ။ တကယ်ဗိုက်ဆာတာ သေချာပြီဆိုမှ ထမင်းစားချိန်မတိုင်သေးဘူးဆိုရင် သစ်သီးဖြစ်ဖြစ် အဆာပြေတစ်ခုခု ကျွေးလိုက်ပါ။

Nutroplex 1

၂။  အသင့်စားမုန့်တွေကို လက်လှမ်းမှီရာမှာထားခြင်း
မိဘတွေအနေနဲ့ ကလေးတွေ ဗိုက်ဆာရင် အဆာပြေစားဖို့ဆိုပြီး အသင့်စားမုန့်တွေ ဆောင်ထားတတ်ကြပါတယ်။ ဒီလိုမုန့်တွေကို အချိန်ပြည့်ကျွေးတာထက်စာရင် အာဟာရပြည့်ဝတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ပုံမှန်အဆာပြေစားချိန် သတ်မှတ်ပြီးမှ၊ ဒါမှမဟုတ် ကလေးက တကယ်ဗိုက်ဆာတယ်ဆိုမှ ကျွေးသင့်ပါတယ်။

၃။  အထူးပြင်ဆင်ထားသော အစားအသောက်များ ကျွေးခြင်း
တချို့မိဘတွေဟာ ကလေးတွေ အစာစားအောင်ဆိုပြီး ထမင်းစားချိန်တွေမှာ ကလေးတွေကြိုက်တဲ့ ကြက်ကင်၊ ပီဇာလိုမျိုးမုန့်တွေ ကျွေးတတ်ကြပါတယ်။ တကယ်တမ်း မိဘတွေလုပ်သင့်တာက ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရ မျှမျှတတပါဝင်တဲ့ အစားအသောက်တွေကို ကလေးနဲ့အတူတူ စားသင့်တာပါ။ ဒီလိုမျိုး ဆက်တိုက်ကျွေးပေး၊ စားပေးမယ်ဆိုရင် ကလေးအနေနဲ့ အကျင့်ဖြစ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားတတ်လာမှာပါ။

Nutroplex 2

၄။  သကြားဓာတ်လွန်ကဲသော အချိုရည်များ တိုက်ခြင်း
အမြှုပ်ပါတဲ့အချိုရည်တွေဟာ ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာ မိဘတွေအနေနဲ့ သိထားကြပေမယ့် အားဖြည့်အချိုရည်တွေ၊ သဘာဝအတိုင်းမဟုတ်တဲ့ အသီးဖျော်ရည်တွေဟာလည်း သကြားပါဝင်မှု များတာကြောင့် ဒါတွေတိုက်မယ့်အစား ရေ၊ အဆီထုတ်နွားနို့ စတာတွေကိုသာ များများတိုက်ပေးပါ။

၅။  ကိုယ်အလေးချိန်ထိန်းသင့်ကြောင်းကို မှားယွင်းတဲ့နည်းလမ်းဖြင့် ပြောပြခြင်း (သို့) လုံးဝမပြောခြင်း
“ဝနေပြီနော်၊ ဝိတ်လျှော့ဦး” လို့ ပြောတာဟာ ကိုယ်အလေးချိန်ထိန်းဖို့ အထောက်အကူ မဖြစ်စေတဲ့အပြင် ကလေးကိုတောင် အရှက်ရစေနိုင်ပါတယ်။ တချို့မိဘတွေကတော့ ကလေးဘယ်လောက်ပဲဝဝ ဝိတ်ချသင့်တယ်ဆိုတဲ့အကြောင်းကို လုံးဝမပြောတတ်ကြပါဘူး။ မိဘတွေအနေနဲ့ မိမိတို့ကလေး အဝလွန်နေပြီလို့ထင်ရင် ကျန်းမာတဲ့အစားအသောက်တွေစားတာ၊ လှုပ်လှုပ်ရှားရှားနေတာဟာ ကိုယ်ခန္ဓာကို ကျန်းမာ၊ သန်မာစေတဲ့အကြောင်း ကလေး နားလည်အောင် ရှင်းပြပါ။ ဒါမှသာ ကလေးက ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်လာမှာဖြစ်လို့ အလိုလို ကိုယ်အလေးချိန်ထိန်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ မိဘတွေ သိထားသင့်တာကတော့ မိမိတို့ကလေး အဝလွန်နေပြီလားလို့ စိုးရိမ်တယ်ဆိုရင် ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ဒါမှလည်း အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

Dr. Aye Hsu Mon (www.drmyanmar.com)