ကလေးများနှင့် လည်ပင်းအကျိတ်များ
အချို့ရင်သွေးလေးများ ဖျားနာတဲ့အခါ လည်ပင်းအကျိတ်လေးများ ကြီးလာတာကို စမ်းမိဖူူူးကြပါလိမ့်မယ်။
ဒီလည်ပင်းအကျိတ်လေးတွေက အန္တရာယ်ရှိလားဆိုတာ သိချင်ကြတဲ့မေမေတို့အနေနှင့် ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုပေးနိုင်ပါတယ်။
● ကလေးများတွင် ဖြစ်လေ့ရှိသော လည်ပင်းအကျိတ်တွေဟာ များသောအားဖြင့် ပိုးဝင်ခြင်းနှင့် နေမကောင်းဖြစ်ခြင်းတို့ကြောင့်သာဖြစ်ပြီး ကင်ဆာအကျိတ်များဖြစ်တာ ရှားပါတယ်။
>> ကလေးများတွင်ဖြစ်တတ်သော လည်ပင်းအကျိတ်ပုံစံအမျိုးမျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) ပြန်ရည်ကျိတ်များရောင်ခြင်း
လည်ပင်းတစ်ဖက် (သို့) နှစ်ဖက်လုံးတွင်ဖြစ်နိုင်ပြီး ဖျားခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း စတဲ့ ဘက်တီးရီးယားပိုးဝင်သော အခြေအနေကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် အဖျားကျချိန်မှာ အကျိတ်များ ပုံမှန်အရွယ်ပြန်ရောက်နိုင်သော်လည်း တစ်ခါတလေမှာ အရွယ်ကြီးလာခြင်း၊ နာကျင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
အကျိတ်ဟာ ၂.၅ စင်တီမီတာထက် ကြီးလာခြင်း၊ ညှပ်ရိုးအပေါ်တွင်ဖြစ်ပေါ်ခြင်း၊ အကျိတ်နှင့်အတူပိန်ခြင်း နုံးခြင်း၊ အလွန်ငယ်သောကလေးများတွင် အကျိတ်များ ကြီးလာခြင်းတို့ဖြစ်ပါက မပေါ့ဆဘဲ ဆရာဝန်နှင့်ပြသပါ။
(၂) ကင်ဆာကျိတ်များ
ကလေးများတွင် ဦးနှောက်နှင့်လည်ပင်းမှာ ကင်ဆာအကျိတ်များဖြစ်တာ ရှားပါးလှပါတယ်။ လည်ပင်းတွင် ဖြစ်ပေါ်လေ့ရှိသော ကင်ဆာကျိတ်တွေဟာ ပြန်ရည်ကြောကင်ဆာကျိတ်၊ လည်ပင်းရှိတစ်သျှူးများ ကင်ဆာဖြစ်ခြင်းကြောင့် ပေါ်လာသောအကျိတ်၊ သိုင်းရွိုက်ကင်ဆာကျိတ် စသည်တို့ ဖြစ်ပါတယ်။
(၃) မွေးရာပါလည်ပင်းအကျိတ်များ
အချို့ကလေးတွေမှာ မွေးရာပါအကျိတ်လေးတွေ ပါလာလေ့ရှိပါတယ်။ ထိုအကျိတ်တွေဟာ ဒဏ်ရာရစဉ်နှင့် ဖျားနာစဉ်မှာမှ ကြီးလာလေ့ရှိပါတယ်။ များသောအားဖြင့် မွေးရာပါအကျိတ်များဟာ ကင်ဆာဖြစ်နိုင်ခြင်း မရှိပါဘူး။
(၄) လည်ပင်းအလယ်တည့်တည့်တွင်ဖြစ်သော မွေးရာပါအကျိတ်များ
(၅) လည်ပင်းအရှေ့ ဘယ်ညာတစ်ဖက်တစ်ချက်တွင်ဖြစ်သော မွေးရာပါအကျိတ်များ
စသည်တို့ ဖြစ်ပါတယ်။
မေမေတို့အနေနှင့် သားသားမီးမီးလေးတွေမှာ လည်ပင်းအကျိတ်တွေ စမ်းမိတဲ့အခါ အဖျားရှိသလား စစ်ဆေးပါ။ အဖျားကျဆေးတိုက်ခြင်းနှင့်အတူ အာဟာရရှိသောအစားအစာများကို ကျွေးမွေးပါ။ အဖျားကျသော်လည်း အကျိတ်ဟာ ပြန်လည်သေးသွားခြင်းမရှိပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























