ကလေးများနှင့် လျှာခင် ကပ်ခြင်း
>> ကလေးရဲ့လျှာလေးက အရင်းကို အရမ်းကပ်နေတာ ပုံမှန်ပဲလား။
ဒါက ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ လျှာအောက်မှာရှိတဲ့ လျှာခင်က အရမ်းတိုနေရင် (သို့) လျှာအရှေ့ဘက်အထိ အရမ်းရောက်နေရင် ဒါကို tongue-tie လျှာခင်ကပ်နေတယ်လို့ ခေါ်ပါတယ်။ ကလေးတွေရဲ့ 4% လောက်မှာရှိတတ်ပြီး မျိုးရိုးလိုက်တတ်ပါတယ်။ လျှာထိပ် ဘယ်လောက်လောက်အထိ လျှာခင်က ရောက်နေတယ်ဆိုတာကို မူတည်ပြီး လျှာခင်ကပ်တဲ့ဒီဂရီ အဆင့်ဆင့် ရှိပါတယ်။ တချို့က ရှိသင့်တာထက် နည်းနည်းလေးပဲ ပိုနေပြီး တချို့ကျတော့လည်း လျှာထိပ်အထိ လျှာခင်ရောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လျှာခင်က လျှာရဲ့အလယ်ကို၊ နောက်ကို ပြန်ဆွဲနေတဲ့အတွက် လျှာက နှလုံးပုံစံ ပေါက်နေပါတယ်။
>> လျှာခင် ကပ်တာက ပြဿနာရှိလား။
ရှိနိုင်ပါတယ်။ လျှာခင် ကပ်တဲ့ ဖြစ်ရပ်အများစုက ကလေး ပထမ ၆ ပတ်အရွယ်မှာ လျှာတည်ဆောက်ပုံ ပြောင်းလဲခြင်းကြောင့် သူ့အလိုလို ပြန်ပြီးပုံမှန်ဖြစ်သွားတတ်သလို တချို့ကလေးတွေကလည်း လျှာခင်ကပ်တာ မပျောက်သွားရင် ဒါကိုလိုက်ပြီး အလိုက်သင့် ပြုမူနေထိုင်ကြပါတယ်။ တစ်ခါတလေမှာ တချို့သေ ာလျှာခင်ကပ်ခြင်းတွေက နို့စို့ခြင်း၊ မျိုချခြင်း၊ စကားပြောခြင်း စတာတွေမှာ ပြဿနာ ဖြစ်စေနိုင်ပါတယ်။
>> လျှာခင် ကပ်နေတဲ့ကလေးက မိခင်နို့စို့ရာမှာ အခက်အခဲ ဖြစ်နိုင်သလား။
ဖြစ်နိုင်ပါတယ်။ ကလေးမှာ ဘာပြဿနာမှ မဖြစ်တာ ဖြစ်နိုင်သလို လုံးဝပြည့်ဝတဲ့မိခင်နို့စို့ခြင်းပုံစံ ရရှိဖို့အတွက် လိုအပ်တဲ့ လျှာလှုပ်ရှားမှုတွေပြုဖို့ အခက်အခဲကြုံတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ လျှာခင်ကပ်နေတဲ့ ကလေးတွေက မိခင်နို့စို့ရာမှာပြဿနာ ရှိပေမယ့်လည်း နို့ဘူးစို့တာကတော့ မိခင်နို့စို့တာနဲ့ မတူပါဘူး။
မိခင်ရဲ့ ရင်သားပုံစံ၊ နို့သီးခေါင်းအရွယ်အစားနဲ့ ရင်သားတစ်သျှူးတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းတွေကလည်း လျှာခင်ကပ်နေတဲ့ ကလေးအတွက် အရေးပါ,ပါတယ်။
လျှာခင် ကပ်နေတဲ့ ကလေးတစ်ယောက် နို့စို့တဲ့အခါ ပြဿနာရှိတဲ့ လက္ခဏာတွေကတော့ -
● နို့စို့နေတုန်းမှာ ကလေးက စုပ်တာကို ခဏခဏနားခြင်း
● နို့စို့စဉ်မှာ ဆူညံသံများ ထွက်ခြင်း
● ကလေး ကိုယ်အလေးချိန် အတက်နှေးခြင်း
● ကလေး နို့စို့တဲ့အခါမှာ နို့သီးခေါင်းများ နာခြင်း (ကလေးက နို့ကို ရဖို့အတွက် စုပ်ရမယ့်အစား နို့သီးခေါင်းကို ဝါးနေလို့ ဖြစ်နိုင်ပါတယ်။)
● မိခင်နို့ထွက် နည်းသွားခြင်း
>> လျှာခင် ကပ်နေတာကို ပြင်လို့ရသလား။
လျှာခင် ကပ်တာကို frenotomy လို့ခေါ်တဲ့ ရိုးရှင်းပြီး အန္တရာယ်ကင်းတဲ့ ခွဲစိတ်မှုလုပ်ပြီး ပြုပြင်လို့ရပါတယ်။ ဒီခွဲစိတ်မှုက စက္ကန့်အနည်းငယ်သာကြာပြီး နားကလော်တာထက်တောင်မှ ထိခိုက်နိုင်ခြေ နည်းပါတယ်။ ဒါလုပ်နေတဲ့အချိန်မှာ တချို့ကလေးတွေဆိုရင် လုံးဝတောင်မငိုပါဘူး။
ဒီတော့ ကလေး လျှာခင်ကပ်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်နေပါက ဆရာဝန်နဲ့ သွားပြပါ။ ဒါက ကလေးနို့စို့တာကို ပြဿနာဖြစ်စေတယ်ဆိုရင် လျှာခင် ညှပ်ဖို့ ဆရာဝန်ကို ပြောပါ။ ကလေးနို့စို့တာကို ပြဿနာမဖြစ်စေဘူးဆိုရင်တောင် ကလေးရဲ့စကားပြော ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်၊ မဖြစ်နဲ့ နောက်ပိုင်းမှာ အခြားပြဿနာတွေ ဖြစ်လောက်အောင် ပြင်းထန်မှု ရှိ၊ မရှိ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























