ကလေးများနှင့် အော့အန်ခြင်း
မွေးကာစရက်သတ္တပတ်အစောပိုင်းကာလတွေမှာ ကလေးတွေရဲ့ ခန္ဓာကိုယ်က အစာကိုလိုက်လျော ညီထွေမရှိသေးတဲ့အတွက် အန်လေ့ရှိကြပါတယ်။
ကလေးရဲ့အစာချေစနစ်က နို့ဝင်တာကို လက်ခံနိုင်သွားပြီဆိုရင်တောင် ကားမူးခြင်း၊ အစာမကြေခြင်း၊ အကြာကြီးငိုခြင်း၊ ချောင်းဆိုးခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် အန်နိုင်ပါတယ်။ ဒါကြောင့် ကလေးမွေးဖွားပြီး နှစ်အနည်းငယ်ကြာအောင် အန်တာကို မကြာခဏကြုံတွေ့ကြရပါလိမ့်မယ်။
တစ်ခါအန်ရင် အစားအစာစားတဲ့ပုံစံအနည်းငယ်ပြောင်းလဲလိုက်ရုံနဲ့ ဆေးကုစရာမလိုဘဲ 6-24 နာရီကြာရင် သူ့အလိုလို သက်သာသွားပါလိမ့်မယ်။ ကလေးကလည်း ကျန်းမာပြီးဖွံ့ဖြိုးလာတယ်ဆိုရင် ဘာမှစိတ်ပူစရာမရှိပါဘူး။
ဘယ်လိုအချိန်တွေမှာ စိုးရိမ်ရသလဲ
မွေးကာစ လအနည်းငယ်မှာတော့ အစာကိုကောင်းကောင်းလက်မခံနိုင်သေးလို့ အန်တာဖြစ်နိုင်ပါ တယ်။ နောက်ပိုင်းမှာဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်နိုင်ပါတယ်။ အထက်လန်အောက်လျှောဖြစ်တတ်ပါတယ်။
ဒီလိုအခြေအနေတွေမှာလည်း ကလေးအန်တတ်ပါတယ်။
1. အအေးမိခြင်း
2. ဆီးပိုးဝင်ခြင်း
3. နားထဲပိုးဝင်ခြင်း
ဘာပြဿနာမှမရှိဘဲလည်း မကြာခဏအန်တတ်ပါတယ်။ အသက် 1 နှစ်မှ 3 နှစ်ကြား ကလေးတွေမှာတော့ အန်ခဲပါတယ်။ တကယ်လို့ အန်ခဲ့ရင် ပြင်းထန်တဲ့ရောဂါတစ်ခုခုကြောင့် ပိုပြီး ဖြစ်နိုင်ခြေများတဲ့အတွက် ဆရာ၀န်နဲ့ အမြန်သွားပြဖို့ လိုပါတယ်။
အန်တာနဲ့အတူ အောက်ပါလက္ခဏာများပါတွေ့ရင်လည်း ဘယ်အသက်အရွယ်မဆို ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားဖို့ လိုပါတယ်။
1. ရေဓာတ်ခမ်းခြောက်သောလက္ခဏာများဖြစ်သည့် ပါးစပ်ခြောက်ခြင်း၊ ငိုနေသော်လည်း မျက်ရည်ထွက် မလာခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း၊ ကလေးဆီးသွားနည်းသွားခြင်း
2. ကိုယ်ပူခြင်း ( အသက် 3 လအောက် - ကိုယ်အပူချိန် 100’F နှင့် အထက်၊ အသက် 3 လနှင့်အထက် - ကိုယ်အပူချိန် 102’F နှင့်အထက်)
3. အစာမစားခြင်း
4. အန်တာ 8 နာရီထက်ပိုကြာခြင်း (သို့) ဝေါကနဲထိုးအန်ခြင်း
5. အစက်အပြောက် (အရေပြားကိုဖိလိုက်ရင်တောင် ပျောက်မသွားခြင်း)
6. မအိပ်ခြင်း၊ ဂဏှာမငြိမ်ခြင်း
7. ငယ်ထိပ်ဖောင်းထွက်နေခြင်း
8. အသက်ရှူမြန်ခြင်း
9. ဗိုက်ပူခြင်း
10. သွေး (သို့) သည်းခြေရည်များအန်ခြင်း
11. မွေးကာစကလေးငယ်တွင် အစာစားပြီး နာရီဝက်အတွင်း ဆက်တိုက်ဝေါခနဲအန်နေခြင်း
ကလေးအန်ဖတ်ထဲမှာ သွေး (သို့) သည်းခြေရည်တွေပါရင် စိုးရိမ်ရသလား
အမေနို့သီးခေါင်းကွဲနေရင် ကလေးစို့တဲ့နို့ထဲမှာ သွေးစအနည်းငယ်ပါနိုင်ပါတယ်။ ကလေးအန်တာကြမ်းတဲ့အခါ အစာပြွန်ထဲမှာရှိတဲ့ သွေးကြောသေးသေးလေးတွေပေါက်သွားပြီး အန်ဖတ်ထဲမှာ သွေးစလေးတွေပါတတ်ပါတယ်။ ဒါ့အပြင် ပါးစပ်ကွဲနေတဲ့နေရာကသွေးကိုမြိုချမိရင် (သို့) လွန်ခဲ့တဲ့ 6 နာရီလောက်က နှာခေါင်းသွေးလျှံထားရင်လည်း အန်တဲ့အထဲမှာ သွေးပါနိုင်ပါတယ်။ ဒါတွေအားလုံးက စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် ကလေးက သွေးတွေဆက်တိုက်အန်ပြီး ပမာဏကလည်းပိုများလာတယ်ဆိုရင်တော့ ဆေးရုံဆေးခန်းသို့ အမြန်သွားပြပါ။
အန်ဖတ်ထဲမှာ သည်းခြေရည်စိမ်းစိမ်းတွေပါရင် အူပိတ်တဲ့လက္ခဏာဖြစ်ပြီး အရေးပေါ်ကုသမှုခံယူဖို့လိုအပ်ပါတယ်။ သွေးလား၊ သည်းခြေရည်လားဆရာဝန်ကိုပြနိုင်ဖို့အတွက် ကလေးအန်ဖတ်ကိုသိမ်းပြီး ဆရာဝန်ကိုပြပါ။
မွေးကာစမှ အသက် 4 လအတွင်း ကလေးငယ်မှာ နို့စို့ပြီး နာရီဝက်အတွင်းမှာ ဝေါကနဲအန်ချရင် အူကျဉ်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကဖြစ်တောင့်ဖြစ်ခဲရောဂါတစ်မျိုးဖြစ်ပါတယ်။ အစာအိမ်ကနေ အူထဲကိုထွက်တဲ့အပေါက်မှာရှိတဲ့ အဆို့ကိုထိန်းချုပ်တဲ့ကြွက်သားထူလွန်းတဲ့အတွက် အစာထွက်နိုင်လောက်အောင်အပေါက်ကို မဖွင့်ပေးနိုင်တဲ့အတွက် အစာတွေအပေါ်ပြန်တက်ပြီးအန်ခြင်းဖြစ်ပါတယ်။ ချက်ချင်းကုသမှုခံယူဖို့လိုအပ်ပါတယ်။
ကလေးအန်နေရင် ဘယ်လိုပြုစုရမလဲ
ကလေးအန်နေတာကို သက်သာလာအောင်ပြုစုနည်းအချို့ကို ဖော်ပြပေးလိုက်ပါ။
1. ရေဓာတ်မခမ်းခြောက်အောင်ထားပါ။ ကလေးတွေအန်လိုက်တဲ့အခါ အဖိုးတန်တဲ့ အရည်တွေဆုံးရှုံးသွားပါတယ်။ ဒါကြောင့် ရေဓာတ်မခမ်းခြောက်စေဖို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဓာတ်ဆားရည်ကို နည်းနည်းနဲ့ မကြာခဏတိုက်ပေးပါ။
2. ကလေးကြီးတွေမှာဆိုရင် အရည်ဆိုပြီး သစ်သီးဖျော်ရည်တွေ၊ ဂက်စ်ပါတဲ့အချိုရည်တွေတိုက်လို့မရပါဘူး။ ဒီသကြားပါတဲ့အချိုရည်တွေက အစာမကြေတဲ့အပြင် ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်နဲ့ ဆားဓာတ်တွေကို ပြန်ဖြည့်မပေးနိုင်ပါဘူး။ အုန်းရည်၊ ဓာတ်ဆားရည်၊ စွပ်ပြုတ်ကျဲကျဲ၊ ရေသန့် စတဲ့အရည်တွေတိုက်ပေးပါ။
3. 12-24 နာရီကြာပြီး ကလေးဆက်မအန်တော့ဘူးဆိုရင် ပုံမှန်အတိုင်းပြန်ကျေွးနိုင်ပါတယ်။ ဒါပေမယ့် အရည်များများတိုက်ဖို့အရေးကြီးပါတယ်။ အစာကြေလွယ်တဲ့အစားအစာတွေကနေစပြီး ပြန်ကျေွးပါ။
4. ကောင်းကောင်းအနားယူပါစေ။ အိပ်ပျော်သွားရင် သက်သာစေပါတယ်။ အိပ်နေစဉ်မှာ အစာအိမ်ထဲကအစာတွေကို အူထဲကို ပို့ပေးတဲ့အတွက် အန်တာကိုသက်သာစေပါတယ်။
ဆရာဝန်ညွှန်ကြားချက်မပါဘဲ အအန်ပျောက်ဆေးလုံးဝမတိုက်ပါနဲ့။ နောက်ဆုံးအန်ပြီး 48 နာရီကြာအထိ အိမ်မှာအပြည့်အ၀အနားယူခိုင်းပါ။
Dr. Mya Myo Myo Swe





























