/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများမှာ-တုပ်ကွေးဖြစ်တဲ့အခါ

ကလေးများမှာ တုပ်ကွေးဖြစ်တဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

နှစ်တိုင်းနှစ်တိုင်း မိုးတွင်းရောက်ပြီဆိုရင် ဘယ်သူတော့ဖြင့် တုပ်ကွေးကွေးပြန်ပြီ စသဖြင့် မကြာမကြာ ကြားရတတ်ပါတယ်။ တစ်နှစ်တစ်ခါ ပေါ်လို့လာဆိုတာ တုပ်ကွေးပါပဲ။

>>  တုပ်ကွေးပိုး ဘယ်လိုပျံ့နှံ့တတ်သလဲ?
တုပ်ကွေးပိုးကို နှာခေါင်းနဲ့လည်ပင်းမှာ တွေ့ရပါတယ်။ ကလေးငယ်တွေဟာ မောင်နှမသားချင်းတွေ၊ မိဘတွေ၊ တခြားမိသားစုဝင်တွေ၊ ကစားဖော်ကစားဖက်တွေနဲ့ ကလေးထိန်းတွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။

>>  ပိုးပြန့်ပုံတွေကတော့ -
●  တိုက်ရိုက်ထိတွေ့မိမှု - နမ်းရှုံ့ခြင်း၊ ထိတွေ့မိခြင်း၊ လက်ကိုင်ခြင်းစတဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေခဲ့ရင် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးနဲ့ အရေပြားတွေကနေ ကူးစက်တတ်ပါတယ်။
●  တိုက်ရိုက်မဟုတ်သောထိတွေ့မှု - အရုပ်၊ တံခါးလက်ကိုင်၊ သုံးပြီးသားတစ်ရှူး စသဖြင့် ရောဂါရှိသူ အသုံးပြုထားပြီး ပိုးရှိနေတဲ့အရာတစ်ခုခုကို ထိတွေ့မိရာကနေ ကူးစက်တတ်ပါတယ်။ အအေးမိတုပ်ကွေးနဲ့ ဝမ်းကိုက်ပိုး စတဲ့ ပိုးမွှားတွေဟာ အရာဝတ္ထုမျက်နှာပြင်ပေါ်မှာ အချိန်အတော်ကြာကြာနေနိုင်ပါတယ်။
●  တချို့ပိုးမွှားတွေကတော့ နှာချေ၊ ချောင်းဆိုးပြီး လေထဲကနေတစ်ဆင့် အမှုန်အမွှားတွေအဖြစ် တစ်ဖက်လူရဲ့ နှာခေါင်းတွေ၊ ပါးစပ်တွေထဲ ကူးစက်သွားတတ်ပါတယ်။

Biogesic for kids IA 1

>>  ကလေး တုပ်ကွေးကွေးနေပြီဆိုရင် -
တုပ်ကွေးဟာ အအေးမိတာထက်ကို ဖြစ်တာပိုမြန်ပြီး ပိုဆိုးတတ်ပါတယ်။ အအေးမိတဲ့ကလေးတွေဟာ ပုံမှန်အတိုင်း ဆော့ကစားနိုင်၊ လှုပ်ရှားနိုင်ပါတယ်။ တုပ်ကွေးမိတဲ့ကလေးတွေကတော့ အိပ်ရာထဲမှာ တလူးလူး တလိမ့်လိမ့်ပေါ့။
တုပ်ကွေးရဲ့ ဖြစ်နေကျလက္ခဏာတွေကတော့ -
●  ရုတ်တရက်ဖျားလာခြင်း
●  ချမ်းတုန်ခြင်း
●  ခေါင်းကိုက်ခြင်း
●  ကြွက်သားတွေနာကျင်ခြင်း
●  အလွန်အမင်းနုံးချိခြင်း
●  ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း
●  အစားအသောက်ပျက်ခြင်း စတာတွေပါပဲ။

>>  ဒါ့အပြင် -
●  မွေးကင်းစကလေးတွေနဲ့ ကလေးငယ်လေးတွေမှာ တခြားဖျားနာတာမျိုးမရှိဘဲ အဖျားကြီးပြီးလာတတ်ပါတယ်။
●  ကလေးငယ်လေးတွေမှာ အဖျား ၃၉.၅°C ကျော်နိုင်ပါတယ်။
●  ဗိုက်နာတာ၊ အောင့်တာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေက ကလေးငယ်လေးတွေမှာ တွေ့ရတတ်ပါသေးတယ်။ နားကိုက်တာ၊ မျက်လုံးရဲတာမျိုးလည်း ဖြစ်တတ်ပါတယ်။
●  တချို့တွေမှာ ကြွက်သားတွေ ရောင်ရမ်းပြီးတော့ ခြေလက်တွေ နာကျင်တာ၊ ခါးနာတာတွေ ဖြစ်လာတတ်ပါတယ်။

Biogesic for kids IA 2

>>  တုပ်ကွေးကြောင့် နောက်ဆက်တွဲတွေ ဘာတွေဖြစ်လာနိုင်သလဲ?
များသောအားဖြင့် ကျန်းမာရေးကောင်းနေသူတွေမှာ ဘာမှမဖြစ်ဘဲ ပြန်ကောင်းသွားကြတာပါပဲ။ ဖျားနာတာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးက ၂ ရက်ကနေ ၄ ရက်လောက်ပဲ ကြာတတ်ပါတယ်။ ချောင်းဆိုးတာ၊ ပင်ပန်းနုံးနယ်နေတာတွေကတော့ ၁ ပတ်-၂ ပတ်ထက်ပိုပြီး ကြာတတ်ပါတယ်။
ကလေးငယ်လေးတွေမှာ တုပ်ကွေးကြောင့် အသံအိုးရောင်ရမ်းနာ (လည်ချောင်းနဲ့ အသံအိုးကို ပိုးဝင်ပြီး အသံသြလာတာ၊ ချောင်းနက်ဆိုးတာ၊ တရွှီရွှီမြည်တာ)၊ အဆုတ်ရောင်တာ၊ လေပြွန်ငယ်တွေ ရောင်ရမ်းတာ (အဆုတ်ထဲက လေပြွန်သေးသေးလေးတွေ ရောင်ရမ်းပြီး တရွှီရွှီမြည်တာ၊ အသက်ရှူကြပ်တာ) စတာတွေ ဖြစ်လာတတ်ပါတယ်။
တုပ်ကွေးကြောင့် ခုခံအားကျဆင်းပြီး နားဘက်တီးရီးယားပိုးဝင်တာ၊ အဆုတ်ရောင်တာ၊ ထိပ်ကပ်နာဖြစ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။
အဆုတ်ရောင်ရမ်းတာဟာ အသက် ၂ နှစ်အောက်ကလေးတွေနဲ့ အဆုတ်၊ နှလုံးနဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ နာတာရှည်ရောဂါရှိသူကလေးတွေမှာ ပိုဆိုးတတ်ပါတယ်။
ရှားရှားပါးပါး တုပ်ကွေးကြောင့် ဦးနှောက် ဒါမှမဟုတ် နှလုံးကိုလည်း ထိတတ်ပါသေးတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)