ကလေးများအတွက် အရေးကြီးတဲ့ ဗီတာမင် D
ဗီတာမင် D ဆိုတာ အရိုးနဲ့ ကြွက်သား သန်မာဖို့ အရေးပါတဲ့ ဗီတာမင်တစ်မျိုးပါ။ အူလမ်းကြောင်းကနေ အရိုးကျန်းမာသန်မာဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖိတ်ဓာတ်တွေ စုပ်ယူမှုကို အားပေးပါတယ်။
ငါးတချို့လောက်မှာပဲ သဘာဝ ဗီတာမင် D က ပါဝင်တဲ့အတွက် အစားအသောက်တစ်မျိုးတည်းကနေ ဗီတာမင် D ကို ရယူဖို့ မဖြစ်နိုင်ပါဘူး။ မာဂျရင်းထောပတ်တို့၊ ကလေးနို့ဖော်မြူလာတို့၊ နို့တို့မှာ ဗီတာမင် D ဖြည့်စွက်ထားတတ်တယ်ဆိုပေမယ့် တကယ်လိုအပ်တဲ့ ပမာဏထက် ၁/၄ ပုံလောက်သာ ရရှိပါတယ်။ များသောအားဖြင့်က နေရောင်နဲ့ ထိတွေ့တဲ့အခါ အရေပြားကနေ ဗီတာမင် D တွေ ထုတ်လုပ်ပေးတာပါ။
ဗီတာမင် D ချို့တဲ့ တဲ့အခါ အရိုးနဲ့ ကြွက်သားတွေ အားနည်းတဲ့အပြင် တခြားရောဂါတွေဖြစ်တဲ့ အူမကြီးကင်ဆာ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်လေဖြန်းရောဂါ၊ ခုခံအား ကျနည်းတဲ့ရောဂါတွေနဲ့ ခုခံအား ကမောက်ကမ ဖြစ်တဲ့ရောဂါတွေ ဖြစ်နှုန်းပိုများလာစေနိုင်ပါတယ်။
» ဗီတာမင် D လျော့နည်းတဲ့ လက္ခဏာတွေကတော့
● ကလေးအများစုမှာတော့ ဘာလက္ခဏာမှ မပြတတ်ပေမယ့် တချို့ကလေးတွေမှာတော့ အရိုးနဲ့ ကြွက်သား နာတာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ ဗီတာမင် D အရမ်းနည်းတဲ့ အခါမျိုးမှာတော့ အရိုးပျော့ရောဂါ ဖြစ်တတ်ပါတယ်။ ကလေးတွေမှာဖြစ်တဲ့ အရိုးပျော့ရောဂါမှာ ကြီးထွားဆဲအရိုးလေးတွေ ပျော့ပြီးကွေးသွားတာမို့ ခြေခွင်ခွင်ကလေးတွေ ဖြစ်သွားတတ်ပါတယ်။
● ဗီတာမင် D နည်းတဲ့အခါ ကယ်လ်ဆီယမ်ပါ နည်းပါးလာပြီး ကလေးတွေမှာ ကြွက်သားနာကျင်တာမျိုး အရမ်းငယ်တဲ့ ကလေးလေးတွေမှာဆိုရင် တက်တာမျိုးအထိပါ ဖြစ်တတ်ပါတယ်။
» ဘယ်လိုကလေးတွေမှာ ဗီတာမင် D နည်းတတ်သလဲ ?
● အသားမည်းတဲ့ကလေးတွေ : မယ်လနင်တွေများလို့ သဘာဝနေရောင်ကာဖြစ်နေပြီး လိုအပ်သလောက် ဗီတာမင် D ကို မရတာမျိုး ဖြစ်တတ်ပါတယ်။
● နေရောင်နဲ့ မထိတွေ့တဲ့ ကလေးတွေ
● လမစေ့တဲ့ ကလေးတွေ
● အပေါ်မှာပြောတဲ့ အချက်တွေနဲ့ ညှိနေတဲ့ မိခင်နို့စို့ကလေးတွေ : မိခင်နို့ဟာ ကလေးတွေအတွက် အကောင်းဆုံး အစားအစာဖြစ်ပေမယ့် ဗီတာမင် D မပါပါဘူး။ ဒါကြောင့် မေမေမှာ ဗီတာမင် D ချို့တဲ့နေရင် ကလေးမှာလည်း ဗီတာမင် D ချို့တဲ့နိုင်ပါတယ်။
● အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာခြေစုပ်ယူခြင်း မကောင်းတဲ့ရောဂါတွေနဲ့ အတက်ကျဆေးလိုမျိုး တချို့ဆေးတွေ သောက်နေ၊ ရှိနေတဲ့ကလေးတွေ
» ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြရမလဲ ?
အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတစ်ခုခုရှိနေရင် ဆရာဝန်နဲ့ပြပါ။ ဗီတာမင် D နည်းနိုင်ခြေရှိတဲ့ ကလေးတွေမှာလည်း သွေးတွင်းဗီတာမင် D ပမာဏကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။
» ဗီတာမင် D ကုထုံး
● ဗီတာမင် D ဆေးတွေဟာ ဆေးပမာဏအနည်းပုံစံ (နေ့စဉ်သောက်) နဲ့ ဆေးပမာဏအများပုံစံ (လစဉ်သောက်) ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဗီတာမင် D သောက်နေရတယ်ဆိုရင် ဆရာဝန်နဲ့ပြတိုင်း သောက်နေတဲ့ဆေးတွေကို ပြောပြပါ။ ဗီတာမင် D ပမာဏ အရမ်းများခြင်းဟာလည်း အန္တရာယ် ရှိပါတယ်။
● ဗီတာမင် D နည်းခြင်းဟာ နာတာရှည်ပြဿနာပါ။ ဗီတာမင် D နည်းတာကို ကုသပြီးရင်တောင် ဗီတာမင် D ပမာဏ ပုံမှန်ဖြစ်အောင် စောင့်ကြည့်နေဖို့ လိုပါတယ်။ ဗီတာမင် D နည်းနိုင်ခြေရှိတဲ့ အခြေအနေရှိတဲ့ ကလေးတွေမှာဆိုရင် တစ်သက်တာ ဗီတာမင် D ကုထုံးပေးထားဖို့ လိုပါတယ်။
● ဗီတာမင် D ချို့တဲ့တဲ့ ကလေးတွေဟာ ကယ်လ်ဆီယမ် ဖြည့်စွက်စာပါ ထည့်ပေးဖို့ လိုပါတယ်။ ဒါကြောင့် တစ်နေ့ကို နို့နဲ့ နို့ထွက်ပစ္စည်း ၂/၃ ကြိမ်လောက် ကျွေးပေးသင့်ပါတယ်နော်။ နို့ထွက်ပစ္စည်းတွေနဲ့ မတည့်ဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
» နေရောင်ထိတွေ့မှုနဲ့ ဗီတာမင် D
● အများစုအတွက်တော့ နေရောင်ထဲထွက်ပေးရုံနဲ့ ဗီတာမင် D ချို့တဲ့တာကို ကာကွယ်နိုင်ပါတယ်။
● အသားလတ်တဲ့ လူအများစုဟာ အပြင်ထွက်ရုံနဲ့ ဗီတာမင် D ကြွယ်ဝစွာ ရရှိပါတယ်။ အသားဖြူတဲ့ ကလေးတွေမှာတော့ နေရောင်ကြောင့် အရေပြားကင်ဆာဖြစ်နိုင်လို့ နေရောင်ကာခရင်မ်တွေ လိမ်းပေးသင့်ပါတယ်။
● အသားညိုသူတွေမှာတော့ အသားလတ်သူတွေထက်စာရင် နေရောင်ထဲမှာ အချိန်နှစ်ဆ ပိုနေဖို့ လိုပါတယ်။
● အသားညိုသူတွေမှာတော့ အရေပြားကင်ဆာဖြစ်နှုန်းက ပိုနည်းပါတယ်။ ဒါပေမဲ့လည်း လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖြစ် ထီး၊ ဦးထုပ် စသဖြင့် အကာကွယ်တော့ ယူသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























