ကလေးများ အမေ
"ဆရာမ သားလေးနေကောင်းတယ်...
တနေကုန် အိပ်နေတာ ငြိမ်လို့ "
ဂျူတီခန်းထဲ အလုပ်ရှုပ်နေတဲ့ Dr.K က အသံကြောင့် မော့ကြည့်လိုက်သည်။
အသက်နှစ်ဆယ်မပြည့်သေးသည့် ကလေးအမေလေးက မျက်နှာကြည်ကြည်လင်လင်ဖြင့် အိပ်ရေးဝနေသည့်ပုံစံ...
"ကောင်းတာပေါ့ ညီမရယ် အစားလဲကျေွးနော်" " ဟုတ်ကဲ့ " ဟုပြောကာ ထွက်သွားသော ကလေး အမေကို ကြည့်ရင်း Dr.K စိတ်မချဖြစ်နေမိသည်။
သူကိုယ်တိုင်က ကလေးဖြစ်နေသော ကောင်မလေးမှာ ဘာမှ သိပ်နားမလည် ... လုပ်ချင်ရာလုပ်တတ်သည်။ သွားကြည့်ဦးမှပါလေ လူနာကုတင်နား အရောက်တွင် ကလေးအမေက မုန့်စားလျှက် ...
" ဟဲ့ ကလေးကို ကျေွးပြီးပြီလား "
"ဟင့်အင်း ဆရာမ "
'ကောင်းပါ့ စိတ်ချရတယ်နော် ညည်းကတော့လေ' ကုတင်ပေါ်ကိုကြည့်လိုက်တော့ စောင်ပုံသာ တွေ့ရသည်
"ဟဲ့ ကလေးရော "
"ဒီမှာလေ "
ဘုရားရေ ! ဦးနှောက် အမြှေးရောင်ပြီး ဖျားနေသော ကလေးက စောင်ပုံထဲမှာ နစ်မြုတ်လျှက်
"ဟဲ့ ကလေးကို အဲ့လောက် မအုပ်ထားနဲ့လေ" ပြောပြောဆိုဆို စောင်တွေကို ဖွင့်လိုက်ချိန်မှာတော့ အတောင့်လိုက် တောင့်တင်းကာ တက်နေသော ကလေးကို တွေ့ရသည်။
ချက်ချင်းပင် အရေးပေါ်ခန်းထဲ ပွေ့ခေါ်လာပြီး လိုအပ်သော ဆေးထိုးဖို့ပြင်ရသည်။ ကလေးဆောင် တစ်ခုလုံးလဲ Dr.K ၏ အသံနှင့် ဆူညံလျှက်
"ကလေးကို ဘေးစောင်းထား လျှာကိုက်ထားလားကြည့်ဦး "
"ဆရာမ ထိုးဆေးပေး အောက်ဆီဂျင်ပေးမယ်"
" ကလေး အကျႌလည်ပင်း မကျပ်စေနဲ့ "
ပြောလည်းပြော လုပ်လည်းလုပ်ဖြင့် ဝုန်းဒိုင်းကြဲ ပြီးချိန်မှာ ကလေးက အတက်ကျကာ အသက်ရှူမှန်လာသည်။
' အောင်မလေး တော်သေးတာပေါ့ '
ကလေး အခြေအနေ တည်ငြိမ်မှပင် ကလေးအမေကို လှည့်ဆူရသည်။
"ဟဲ့ ကလေး အဖျားကြီးရင် အဝတ်တွေ အထူကြီး မဝတ်ရဘူး ... ရေပတ်တိုက်ရမယ်လို့ ပြောထားတယ်လေ ... ကိုယ့်ကလေး အိပ်မှန်းမသိ တက်နေမှန်း မသိနဲ့ ... အပူကြီးလွန်းရင် အဲ့လို တက်တတ်တယ်ဟဲ့ ... အဲ့ဒါ သေတတ်တယ် " စိတ်တိုတိုနှင့် ဆူနေသော Dr.K ကို ကလေး အမေ က စူစူပုတ်ပုတ် ပြန်ကြည့်ကာ
"ဘယ်သိမလဲ ဆရာမရဲ့ ကျွန်မက ဒီကလေးတစ်ယောက်တည်း မွေးဖူးတာကို" တဲ့ ။
"အေးပါအေ ... ငါက အယောက် တစ်ထောင်လောက် မွေးထားတာကိုး မယ်မင်းကြီးမရဲ့ "
Khin Cho






























