/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးမှာ-သွေးခြေဥတဲ့အခါ

ကလေးမှာ သွေးခြေဥတဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

>>  အညိုအမည်းစွဲ/ သွေးခြေဥတယ်ဆိုတာ
ကိုယ်ခန္ဓာ တစ်နေရာရာကို ထိခိုက်ဒဏ်ရာရတာကြောင့် အရေပြားအောက်မှာ သွေးတွေ စုပုံလာတာကို သွေးခြေဥတယ်လို့ ခေါ်ပါတယ်။ တစ်ခါတလေ သွေးပမာဏများတဲ့အခါ အဖုထပြီး သွေးခဲကြီး ဖြစ်လာတတ်ပါတယ်။ အညိုအမည်းဟာ အချိန်တန်ရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။

>>  သွေးခြေဥခြင်းအတွက် ကုထုံး
အညိအမည်းစွဲတာဟာ သူ့အလိုလို ပျောက်သွားတတ်တယ်ဆိုပေမယ့် ဒီနည်းလမ်းလေးတွေက မြန်မြန်ပိုပျောက်အောင် အထောက်အကူပြုမှာပါ။
●  ကလေးကို ငြိမ်အောင်ထားပြီး အနာကိုသက်သာအောင် လုပ်ပေးမယ့်အကြောင်း ပြောပြပါ။
●  ရောင်ရမ်းတာနဲ့ နာကျင်တာတွေ သက်သာအောင် ဒဏ်ရာဖြစ်ဖြစ်ချင်း၂၄ နာရီအတွင်းမှာ ရေခဲကပ်ပေးပါ။ ၂၄ နာရီကျော်ရင်တော့ ရေနွေးအိတ်ကလေး ကပ်ပေးနိုင်ပါတယ်။
●  အညိုအမည်းစွဲတာက နှုတ်ခမ်းမှာ၊ ပါးစပ်ထဲမှာဆိုရင် ကလေးကို ရေခဲစုပ်ခိုင်းပါ။
●  အညိုအမည်းစွဲနေတာကို နှိပ်နယ်တာ၊ ပိုပြီးဖိအားပေးတာမျိုး မလုပ်ပါနဲ့။
●  လက်တို့၊ ခြေထောက်တို့မှာ အညိုအမည်းက အရမ်းကြီးနေရင် ရောင်တာကျဖို့ လက် ဒါမှမဟုတ် ခြေထောက်ကို မြှောက်ထားပေးပါ။

>>  ကလေးဆရာဝန်နဲ့ ဘယ်တော့ပြဖို့လိုမလဲ?
အကယ်၍
●  ထိမိခိုက်မိတာလည်းမရှိဘဲ မကြာမကြာ အညိုအမည်းဖြစ်နေရင်
●  နာတာ၊ ရောင်တာ ပိုပိုဆိုးလာရင်
●  အရိုးအဆစ်တွေ လှုပ်မရဖြစ်လာရင်
●  အရိုးကျိုးသွားရင်
●  မျက်လုံးကို ထိမိခိုက်မိ၊ အညိုအမည်းစွဲမိရင် ဆရာဝန်နဲ့ပြဖို့ လိုအပ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)