ကလေးရဲ့ ချွဲ၊ သလိပ်များကို စုပ်ထုတ်ဖို့ ခက်ခဲနေသော မိဘများအတွက် နည်းလမ်းကောင်းများ
အခုလို တုပ်ကွေးရာသီမှာ ကလေးအများစု နေထိုင်မကောင်းဖြစ်ကြတာမို့ မေမေတို့ စိတ်ညစ်ရပါတယ်။ ချွဲကျပ်ခြင်းနှင့် နှာပိတ်ခြင်းဟာ အသက်ရှူမဝခြင်းကို ဖြစ်စေနိုင်တာမို့ နှာခေါင်းထဲက ချွဲ/သလိပ် များကို စုပ်ထုတ်ပေးဖို့ လိုပါတယ်။
>> ချွဲကျပ်ခြင်းဆိုတာ ဘာလဲ
ချွဲကျပ်တယ်ဆိုတာ အဆုတ်ထဲမှာရှိတဲ့ လေပေါက်တွေထဲမှာ ချွဲသလိပ်များပြည့်နေခြင်းကြောင့် အသက်ရှူရခက်ခဲခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကို ဘယ်လိုသိနိုင်မလဲဆိုရင် သင့်ကလေး အသက်ရှူချိန်တွင် တရွီရွီမြည်သံများရှိ မရှိစောင့်ကြည့်ပါ။ လူကြီးတွေအနေနဲ့ ဒီလိုချွဲကျပ်တဲ့အခါ ချောင်းဟန့်ခြင်း၊ ချွဲဟပ်ခြင်းဖြင့် သက်သာအောင် လုပ်နိုင်သော်လည်း ကလေးငယ်များအနေဖြင့် လူကြီးအကူအညီမပါဘဲ ကိုယ်တိုင်မပြုလုပ်နိုင်တာမို့ မိဘများက ဂရုတစိုက် ပြုစုဖို့လိုပါတယ်။
အောက်ပါနည်းလမ်းလေးများကို အသုံးပြုပြီး ချွဲ/သလိပ်များ ပျော်အောင် ကြိုးစားကြည့်နိုင်ပါတယ်။
(၁) ရေနွေးငွေ့ဖြင့် ချွဲပျော်အောင်လုပ်နည်း
ရေချိုးခန်းတံခါးကို အလုံပိတ်ပြီး ရေနွေးများကို ရေပန်းကနေ ကျစေခြင်းဖြင့် ရေနွေးငွေ့ရရှိအောင် ပြုလုပ်ပါ။ ပြီးတော့ ရေချိုးခန်းတွင်း ကလေးနဲ့အတူ မိနစ် 15- 20 ခန့် နေပေးခြင်းဖြင့် ရေနွွေးငွေ့ရှူစေပါတယ်။ တစ်နေ့ကို လေးကြိမ် ပြုလုပ်ခြင်းဖြင့် ချွဲများ သိသိသာသာ ပျော်လာတာ တွေ့ရပါတယ်။
(၂) ရင်ဘတ်နှင့် နောက်ကျောကို ပုတ်ပေးခြင်း
ချွဲတွေကို ပျော်စေပြီး လွယ်လွယ်ဟပ်ထုတ်နိုင်စေတဲ့ နောက်ထပ်နည်းလမ်းကတော့ ရင်ဘတ်နဲ့ကျောကို ပုတ်ပေးခြင်းဖြစ်ပါတယ်။ ကလေးရဲ့ခေါင်းကို ကိုယ်လုံးထက် အနည်းငယ်နှိမ့်ပေးပြီး ကလေးနောက်ကျောရှိ အဆုတ်နေရာပေါ်သို့ လက်ဖြင့်ပုတ်ပေးပါ။ ကလေးရဲ့ ရင်ဘတ်နေရာပေါ်သို့လည်း ပုတ်ပေးနိုင်ပါတယ်။ ရေနွေးငွေ့ပေးနေစဉ် ပုတ်ပေးခြင်းဖြင့် ချွဲများကို ပိုမိုပျော်စေနိုင်ပါတယ်။
Solmux Kids 1

(၃) အရည်များများ တိုက်ပါ
အရည်များများ သောက်ခြင်းဖြင့် ချွဲများကို ပျော်စေနိုင်ပြီး ကလေးကို အသက်ရှူရ ပိုမိုလွယ်ကူစေမှာပါ။ ဒါပေမယ့် ၆လအောက်ကလေးငယ်များကိုတော့ ရေနဲ့အချိူရည်များ မတိုက်ဖို့ သတိပြုပါ။ မိခင်နို့ သို့မဟုတ် သောက်နေကျ နို့မှုန့်တွေကို မကြာမကြာ တိုက်ကျေွးပါ။ ကလေးကြီးများကိုတော့ ကြက်စွပ်ပြုတ်၊ ဓာတ်ဆားရည်စသည်ဖြင့် တိုက်နိုင်ပါတယ်။
(၄) ချွဲစုပ်သောပြွန်ကို အသုံးပြုပါ
အခုဆို ဆေးဆိုင်တွေမှာ ချွဲစုပ်ပြွန်များကို အလွယ်တကူ ဝယ်နိုင်ပါတယ်။ ထိုပြွန်ကိုသုံးပြီး ကလေးရဲ့ နှာခေါင်းနဲ့ ပါးစပ်က ချွဲများကို စုပ်ထုတ်နိုင်ပါတယ်။ ကလေးပါးစပ်ထဲသို့ မထည့်မီ ဘောလုံးကိုညှစ်ထားပါ။ ပြီးရင် ကလေးပါးစပ်ထဲသို့ ထည့်ပြီး ချွဲများကို စုပ်ထုတ်နိုင်ပါတယ်။ သန့်ရှင်းသောလက်ဖြင့် ကိုင်တွယ်ဖို့ မမေ့ပါနဲ့။ အသုံးပြုပြီးနောက်မှာလည်း ရေနွေးနဲ့ သေချာဆေးကြောပြီး သိမ်းဆည်းပေးပါ။ နှာပိတ်နေတဲ့ကလေးတွေကို ထိုပြွန်ဖြင့် မစုပ်မီ ဆားရည်ကိုနှာခေါင်းထဲ အစက်ချထားခြင်းဖြင့် ချွဲပိုမိုပျော်စေပါတယ်။
(၅) ကလေးအထူးကုဖြင့် ပြသပါ
ချွဲကျပ်ခြင်းနှင့် နှာပိတ်ခြင်းဟာ ရက်အနည်းငယ်အတွင်း သူဘာသာ ပြန်ကောင်းနိုင်ပါတယ်။ ကလေးငယ်ဟာ ကောင်းစွာအသက်ရှူနိုင်ပြီး ပုံမှန်အတိုင်းစားနိုင် နို့စို့နိုင်တယ်ဆိုပါက ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ ကလေးဟာ တစ်နေ့တခြား ပိုမိုအသက်ရှူရ ခက်လာပါက ဆရာဝန်နှင့် အမြန်ဆုံးပြသဖို့ လိုပါတယ်။
ဒါ့အပြင် ဖျားနာခြင်း၊ အသားများ ပြာလာခြင်း၊ ပုံမှန်လှုပ်ရှားမှုမရှိခြင်းနှင့် စိုးရိမ်ဖွယ်လက္ခဏာများရှိပါက ဆေးဝါးကုသမှု အမြန်ဆုံးခံယူဖို့ လိုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Solmux Kids 2

(Unicode)




























