/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးရဲ့-iq-ကို-မြှင့်တင်ပေးနိုင်မယ့်-နည်းလမ်းကောင်းများ

ကလေးရဲ့ IQ ကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းကောင်းများ

Category
ကလေးများနှင့်ကျန်းမာရေး

အခုလို ကိုဗစ်ကာလအတွင်းမှာ သားသားမီးမီးလေးတွေအနေနှင့် ကျောင်းမသွားရသေးဘဲ အိမ်မှာဘဲ Online learning ပုံစံဖြင့် သင်ယူနေကြရပါတယ်။ ဒီလိုကာလမျိုးမှာ မေမေတို့အနေနှင့် ကလေးနှင့် နီးကပ်စွာတွေ့ချိန် ပိုမိုများတာမို့ ကလေးရဲ့စွမ်းဆောင်ရည်တွေ တိုးတက်စေမယ့် လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ အခုဆောင်းပါးလေးမှာတော့ ကလေးတွေရဲ့ IQ တိုးတက်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အရင်ဦးဆုံးအနေနှင့် မှတ်ဉာဏ်ကောင်းမွန်မှုနှင့် IQ ကွာခြားပုံကို သိထားသင့်ပါတယ်။ မှတ်ဉာဏ်ကောင်းမွန်မှုဆိုတာ ကလေး IQ နိမ့်တာ၊ မြင့်တာပေါ် မူတည်ခြင်း မရှိပါဘူး။ ဒီလိုပဲဉာဏ်ကောင်းခြင်းဟာ သင့်ကလေးရဲ့ စာသင်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် ရမှတ်တွေအပေါ်လည်း မူတည်ခြင်းရှိမနေပါဘူး။

EC Kidz IA 1

>>  လူတွေရဲ့ဉာဏ်ပညာကို အပိုင်းလေးပိုင်းဖြင့် ဖွဲ့စည်းထားပါတယ်။ ဒီအပိုင်းတွေကတော့ -
●  မှတ်ဉာဏ်
●  ယုတ္တိကျမှုနှင့် ခွဲခြမ်းစိတ်ဖြာမှု
●  တီထွင်ဖန်တီးနိုင်စွမ်း
●  စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်သောဉာဏ်ရည် (EQ) တို့ ဖြစ်ပါတယ်။
ထိုလေးပိုင်းအနက် တီထွင်ဖန်တီးနိုင်စွမ်းရည်ဟာ မှတ်ဉာဏ်ကောင်းခြင်းအတွက် အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အောင်မြင်နေကြတဲ့ ခေါင်းဆောင်တွေနှင့် CEO တိုင်းဟာ တီထွင်နိုင်စွမ်းမြင့်မားကြသူတွေ ဖြစ်ပါတယ်။

ကလေးတွေရဲ့ ဉာဏ်ရည်တွေတိုးတက်အောင် တစ်နေ့ အချိန်နည်းနည်းစီပေးပြီး လေ့ကျင့်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
>>  ခွဲခြမ်းစိတ်ဖြာစွမ်းရည်အတွက် လေ့ကျင့်ခန်းများ
(၁)  ပစ္စည်းများကို ခွဲခြားခြင်း
ကလေးကို ဘောပင်တစ်ချောင်းပေးပြီး အသေးစိတ်ကြည့်ခိုင်းပါ။ ကလေးကမေးသော မေးခွန်းများကို စိတ်ရှည်ရှည်နှင့် ဖြေပေးပါ။ အဖုံး၊ ကိုယ်ထည်၊ မင်ချောင်း စသည်ဖြင့် အသေးစိတ် ပြောပြပေးပါ။ အခြားပစ္စည်းများနှင့်လည်း စမ်းသပ်နိုင်ပါတယ်။

(၂)  ဆက်စပ်စဉ်းစားမယ်
မိသားစုလိုက် ကစားနိုင်ပါတယ်။ ခေါင်းဆောင်ကနေ ဝေါဟာရတစ်ခု ရွေးပါ။ ဥပမာ - Red (အနီရောင်) ဆိုပါစို့။ ဘေးကထိုင်နေသူကနေ အနီရောင်နှင့် ဆက်စပ်သောစကားလုံး ဥပမာ - Rose (နှင်းဆီ) ဟု ဖြေပါက နောက်ထပ်တစ်ဦးက Run (ပြေးသည်) စသည်ဖြင့် ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါတယ်။

EC Kidz IA 2

>>  တီထွင်စွမ်းရည်အတွက် လေ့ကျင့်ခန်းများ
(၁)  တိရစ္ဆာန်ပုံစံအသစ်များ ရေးဆွဲစေခြင်း
စာအုပ်များမှ တိရစ္ဆာန်ပုံများကို ပရင့်ထုတ်ပြီး အစိတ်အပိုင်းလေးများကို ဖြတ်တောက်ကာ ကလေးကို ပေးပါ။ ကလေးကို သူ့စိတ်ကူးရှိတဲ့အတိုင်း အကောင်တစ်ကောင်ချင်းစီက ကိုယ်အစိတ်အပိုင်းတွေနှင့် တိရစ္ဆာန်ပုံစံ အသစ်တစ်ခု ဖန်တီးခိုင်းပါ။

(၂)  ဂြိုဟ်ပုံစံအသစ်တစ်ခုကို စိတ်ကူးစေခြင်း
အသက် ၇ နှစ်နှင့်အထက် ကလေးများအတွက် အသုံးဝင်ပါလိမ့်မယ်။ ဂြိုဟ်အသစ်တစ်လုံးရှိတယ် အဲ့ဒီဂြိုဟ်မှာ ဘာစည်းကမ်းစည်းမျဉ်းမှ မချမှတ်ထားဘူးဆိုရင် ဘယ်လိုဖြစ်လိမ့်မလဲလို့ ကလေးကို မေးပါ။ ကလေးစိတ်ထဲက ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ဖြေပါစေ။ ဂြိုဟ်ရဲ့ပုံစံ၊ ကာလာ၊ ရေနှင့်မြေအနေအထား၊ ဘယ်လိုသတ္တဝါတွေရှိမလဲ စသည်ဖြင့် တစ်ခုချင်းစီ ပေးမြန်းပေးပါ။ သူ့စိတ်တိုင်းကျကမ္ဘာလေးကို ဖန်တီးစေပါ။
မေမေတို့ရေ အထက်ပါကစားနည်းလေးတွေကို နေ့စဉ်ကစားပေးမယ်ဆိုရင်တော့ သားသားမီးမီးလေးတွေရဲ့ IQ ကို ပိုမိုထက်သန်လာစေမှာပါပဲနော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)