ကလေးလေးရဲ့ ခေါင်းအရွယ်အစား
သင့်ကလေးငယ်လေးကို ကလေးဆရာဝန်ဆီ သွားပြတိုင်း တစ်ကိုယ်လုံးကို စမ်းသပ်တဲ့အပြင် အရပ်တိုင်း၊ ပေါင်ချိန်တိုင်းတဲ့အပြင် ခေါင်းကိုပါ တိုင်းတာ တွေ့ရမှာပါ။
>> ခေါင်းကို ဘယ်လိုတိုင်းလဲ?
နဖူးပြင် အလယ်မှတ်ကနေပြီး ခေါင်းရဲ့ အကြီးဆုံးနေရာကို ယူပြီး ပတ်ပတ်လည် တိုင်းပါတယ်။ ပေကြိုးနဲ့ တိုင်းပါတယ်။ နားရွက်အပေါ်ဘက်မှာ ထားပြီး တိုင်းရပါတယ်။ ကလေးတွေက မကြိုက်တာကြောင့် ရုန်းကန်ငိုယိုနေတတ်လို့ တစ်ခါတည်းနဲ့ တိုင်းလို့ မရကြပါဘူး။
ရလာတဲ့အတိုင်းကို သတ်မှတ်ထားတဲ့ အရွယ်အစား ဝင်၊ မဝင် ဆရာဝန်က ဇယားမှာကြည့်ပြီး သေးနေလား၊ ကြီးနေလား၊ ဘာကြောင့်ဖြစ်နိုင်လဲ စတာတွေကို ဆုံးဖြတ်ပါတယ်။
>> ပုံမှန်ဆို ဘယ်လောက်ရှိရမလဲ?
လစေ့မွေးတဲ့ ကလေးတစ်ယောက်ရဲ့ ခေါင်းဟာ ၃၄.၉ cm ရှိသင့်ပါတယ်။ မွေးပြီး ရက်အနည်းငယ်အကြာမှာ တိုင်းပါတယ်။ အသက် ၁ လ လောက်မှာတော့ ၃၈.၁ cm အထိ ရောက်လာပါတယ်။ ယောကျ်ားလေးနဲ့ မိန်းကလေး အရွယ်အစားက ကွာခြားပြီး ယောကျ်ားလေးက ပိုကြီးပါတယ်။ ဦးခေါင်းအရွယ်အစားဟာ မျိုးရိုးဗီဇနဲ့လည်း ဆိုင်ပါတယ်။
>> ၁ လကို ဘယ်လောက် ကြီးထွားရမလဲ?
တစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူညီကြပါဘူး။
● ပုံမှန်ကတော့ အသက် ၆ လ အထိကို ကလေးရဲ့ရင်ထက် ခေါင်းက ၂ cm ပိုကြီးပါတယ်။
● ၄ လအတွင်း ကြီးတာက မြန်ဆန်ပါတယ်။
● ၆ လ ကနေ ၂ နှစ် အထိကတော့ ခေါင်းအရွယ်အစားက တစ်သမတ်တည်း သွားပါတယ်။
● ၂ နှစ်ကျော်ရင်တော့ ခေါင်းထက် ခန္ဓာကိုယ်က ပိုပြီးမြန်မြန်ကြီးထွားပါတယ်။
>> ခေါင်းအရွယ်အစားနဲ့ ဉာဏ်ရည်က သက်ဆိုင်လား?
● လေ့လာတွေ့ရှိချက်တွေအရတော့ အသက် ၁ နှစ်မှာ ခေါင်းအရွယ်အစား ကြီးမားတဲ့ ကလေးတွေဟာ အသက် ၄-၈ နှစ်အရောက်မှာ ဉာဏ်ရည် မြင့်မားတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ ခေါင်းအရွယ်အစား သေးတိုင်းလည်း စိုးရိမ်စရာ မလိုပါဘူး။
● ဉာဏ်ကောင်းတယ် မကောင်းဘူးဆိုတာ မိခင်နို့ကို ဘယ်အချိန်အထိ တိုက်ခဲ့တာ၊ မိဘတွေရဲ့ဉာဏ်ရည်၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် စတာတွေ အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။
သင့်ကလေးကို ကြည့်နေကျ ဆရာဝန်ဆီမှာ မှတ်တမ်းတွေ ရှိပြီးသားမို့ ထူးခြားရင် သတိပြုမိမှာပါ။ ရှားပါးပေမယ့် ဦးခေါင်းအရွယ်အစားဟာ အချို့ရောဂါတွေနဲ့ ဆက်စပ်နေတာ တွေ့ရှိရပါတယ်။ ဆီးလမ်းကြောင်း၊ နှလုံး၊ အရိုး၊ ကျောက်ကပ် ရောဂါတွေအပြင် ဉာဏ်ရည်ဖွံဖြိုးမှုနည်းတဲ့ စီပီရောဂါနှင့် အတက်ရောဂါတွေနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ စောစောသိပြီး စောစောကုသဖို့က အရေးကြီးဆုံးပါပဲ။
Dr. Htar (www.drmyanmar.com)





























