ကလေးလေးအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ပြင်ဆင်ကြမယ်
>> ဒီနေ့ ဘာချက်ကျွေးရပါ့မလဲ?
တစ်နေ့တစ်နေ့ ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝအောင် ဘာလုပ်ကျွေးရမလဲဆိုတာ မေမေတို့အတွက် ခေါင်းခြောက်စရာပါပဲနော်။
ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ကျွေးရတာဟာ ထင်သလောက်တော့ မခက်ခဲလှပါဘူးနော်။
ကလေးကို ဖြည့်စွက်စာ စကျွေးနေပြီဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်လို့ အကျိုးရှိမှာပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို ပြင်ဆင်ရာမှာ အချက် (၃) ချက် အရေးကြီးပါတယ်။
ပထမ ကလေးဆရာဝန်က လက်ခံရပါမယ်။
ဒုတိယ ကလေးကို အရသာအစုံ ကျွေးကြည့်ရပါမယ်။
တတိယ အစာ ဓာတ်တည့်၊ မတည့်တာ သေချာသိနိုင်ဖို့ အစားအစာအသစ်ကို တစ်မျိုးပြီးမှတစ်မျိုး ထည့်ထည့်ကျွေးပေးပါ။
အခုပြောပြမှာတွေက ဥပမာတွေပဲနော်။
ဒီတော့ ကလေးအတွက် အစားအသောက် မပြင်ဆင်ခင် ဘယ်အရွယ်မှာ ဘယ်အစားအသောက်ကို ထည့်သွင်းကျွေးသင့်သလဲဆိုတာ အရင်ပြောပြပါမယ်။
အသက် ၆ လအထိ : အမေ့နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါ။
၆ လကနေ ၁၂ လအထိ : အသီး၊ အရွက်၊ cereal မနက်စာ၊ ပဲ၊ ဥ၊ အသား၊ ကြက်သား၊ ငါး၊ သံလွင်ဆီတွေ ကျွေးလို့ရပါပြီ။
၁၂ လ ကနေ ၂၄ လ အထိ : ချိစ်အပျော့၊ ဒိန်ချဉ်နဲ့ နို့တွေ စထည့်ကျွေးနိုင်ပါပြီ။
အသက် ၃ နှစ်နဲ့အထက် : အစေ့အဆံတွေ၊ ပန်းသီးစိတ်တွေ၊ မုန်လာဥနီနဲ့ မသီးနိုင်မယ့် အစားအသောက်တွေ အကုန်ကျွေးနိုင်ပါတယ်။
>> ဈေးဝယ်ထွက်တဲ့အခါ -
● လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေကိုသာ ရွေးဝယ်ပါ။ အသီးအရွက်တွေရဲ့ အာဟာရဓာတ်တွေ မပျောက်အောင် ၃ ရက်အတွင်း စားပေးပါ။
● အဆီမပါတဲ့အသားကို ရွေးဝယ်ပါ။ အဆီပါရင်လည်း မချက်ခင် အဆီကို အရင်ဖယ်ထုတ်ပါ။
>> ချက်ပြုတ်တဲ့အခါ -
သန့်ရှင်းမှုက အရေးအကြီးဆုံးပါပဲ။
● အသီးအရွက်တွေကို သေချာဆေးကြောဖို့ မမေ့ပါနဲ့။ လှီးချွတ်မယ့်နေရာ၊ လှီးချွတ်အသုံးပြုမယ့် အသုံးအဆောင်တွေကိုလည်း သေချာဆေးကြောပါ။
● ဆားကို လျှော့သုံးပါ။ ကလေး ကျောက်ကပ်လေးကို မထိခိုက်ရလေအောင် ဆားကို တတ်နိုင်သလောက် လျှော့ထည့်ပါ။ အသက် ၁ နှစ်အထိကို တစ်နေ့ ဆား ၁ ဂရမ်ထက် မပိုရပါဘူး။ အသက် ၃ နှစ်ကစပြီး ၂ ဂရမ်လောက်အထိ စားလို့ရပါပြီ။
● တခြားဆီတွေထက်စာရင် သံလွင်ဆီကို သုံးပါ။ သံလွင်ဆီမှာ မပြည့်ဝဆီတွေနဲ့ ဗီတာမင်အီး ပါဝင်ပါတယ်။ ဒါ့အပြင် အစာ စကျွေးခါစမှာလည်း သံလွင်ဆီနည်းနည်းစီ ထည့်ကျွေးသင့်ပါတယ်။
● ကြော်လှော်၊ ချက်ပြုတ်တဲ့အခါမှာလည်း သံလွင်ဆီကို နည်းနည်းထည့်ပြီး အသုံးပြုန်ုင်ပါတယ်။
>> နောက်ထပ် ပေးချင်တဲ့အကြံတွေကတော့ -
● ပြုတ်ရည်ကို သုံးပါ။ ထမင်းအိုး တည်တဲ့အခါမျိုးမှာ ဟင်းရွက်ပြုတ်ရည်နဲ့ တည်ပေးတာမျိုးပေါ့။ ထမင်းအရသာလေးတစ်မျိုး ပြောင်းသွားတတ်ပါတယ်။
● ကြိတ်သားထဲ နို့ထည့်ပါ။ ကလေးကို အသီးအရွက်၊ အသားငါးတွေ အကုန်ရောကြိတ်ကျွေးတဲ့အခါ အရမ်းပျစ်နေတတ်ပါတယ်။ ဒါကြောင့် ရေတို့၊ နို့တို့ ရောစပ်ပေးဖို့ လိုပါတယ်။
● မစားတော့တဲ့ အစားအသောက်တွေကို ခွဲထားပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























