/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးလေး-မိခင်ဝမ်းက-ထွက်လာပြီဆိုတာနဲ့-ဘာတွေလုပ်ပေးဖို့လိုလဲ

ကလေးလေး မိခင်ဝမ်းက ထွက်လာပြီဆိုတာနဲ့ ဘာတွေလုပ်ပေးဖို့လိုလဲ

Category
ကလေးများနှင့်ကျန်းမာရေး

    ကလေးတစ်ယောက် မွေးဖွားတာက ဂရုစိုက်စရာတွေ အများကြီးပါ။ နုနယ်တဲ့ကလေးလေး မိခင်ဝမ်းကနေ အပြင်လောကကို ထွက်လာပြီဆိုတာနဲ့ စစ်ဆေးရမယ့်အချက်တွေ၊ ဂရုစိုက်ရမယ့်အချက်တွေ ရှိပါတယ်။
    ကလေးလေးမိခင်ဆီကနေပြီး စထွက်လာပြီဆိုတာနဲ့ အဝတ်စလေး (သို့) တဘက်လေးနဲ့ သေချာသုတ်ပေးပြီးတော့ မိခင်ရဲ့ဗိုက်ပေါ် (သို့) လက်ပေါ်ကို တင်ပေးရပါမယ်။ ဒီလိုမိခင်နဲ့ ကလေး အသားချင်း ထိတွေ့တာက ကလေးရဲ့ကိုယ်အပူချိန်ကို ထိန်းထားဖို့နဲ့ ကလေးနဲ့မိခင်ကြား ရင်းနှီးမှုကို ပိုကောင်းစေရုံသာမကဘဲ မိခင်ရဲ့အရေပြားက ဘက်တီးရီးယားပိုးတွေကိုလည်း ကလေးကို ထိတွေ့စေပါတယ်။
    ကလေးရဲ့အသက်ရှူလမ်းကြောင်းမှာ အချွဲတွေ ပိတ်နေ၊ မနေ ကြည့်ပြီးတော့ တစ်ခုခု ပိတ်နေတာရှိရင် suction pump သုံးပြီး စုပ်ထုတ်ရပါမယ်။
    ကလေးရဲ့ချက်ကြိုးကို ပိုးသတ်ထားတဲ့ ညှပ်၊ ကပ်ကြေးတို့နဲ့ ညှပ်ရပါမယ်။ ဒါက ကလေးကို ရောဂါပိုးမဝင်စေဖို့အတွက် အရေးကြီးပါတယ်။
    ပြီးတော့ မွေးနေတုန်းမှာ မိခင်ရဲ့ မွေးလမ်းကြောင်းကနေ အန္တရာယ်ရှိတဲ့ပိုးတွေနဲ့ ထိတွေ့ခဲ့ရင် ကာကွယ်နိုင်ဖို့အတွက် လိုအပ်ရင် ပိုးသတ်ဆေးပါတဲ့ မျက်စဉ်းအစက် အနည်းငယ်လောက် မျက်လုံးထဲကို ခပ်ပေးရပါမယ်။
    မွေးကင်းစကလေးလေးကို သွေးထွက်တဲ့ရောဂါတွေကနေ ကာကွယ်ဖို့အတွက် ဗီတာမင် K ထိုးပေးရပါမယ်။
    ကလေးရဲ့အခြေအနေကို APGAR Scale လို့ခေါ်တဲ့ သတ်မှတ်ချက်တွေနဲ့ ၁ မိနစ်မှာတစ်ကြိမ်၊ ၅ မိနစ်မှာတစ်ကြိမ် ကြည့်ရှုပြီး မှတ်တမ်းတင်ထားရပါမယ်။
    နောက်ထပ်အရေးကြီးတဲ့ တစ်ချက်ကတော့ ကလေးကို မိခင်နို့ စောနိုင်သမျှစောစော စို့နိုင်အောင် လုပ်ပေးရပါမယ်။ မွေးပြီး ၁ နာရီအတွင်းမှာ ကလေး နို့စို့နိုင်အောင် လုပ်ပေးရပါမယ်။ ကလေးနို့စို့တဲ့အခါမှာ နို့သီးခေါင်းကို လှုံ့ဆော်မှုရပြီးတော့ သားအိမ်ကျုံ့တာကို အားပေးတဲ့အတွက်ကြောင့်  ကလေးမွေးပြီး သွေးသွန်တာကို ကာကွယ်နိုင်ပါတယ်။
    မွေးပြီး ၆ နာရီ (သို့) ခဏကြာတဲ့အခါမှာ ရေချိုးပေးလို့ ရပါတယ်။ ဒါပေမဲ့ ကလေးရဲ့ အရေပြားမှာရှိနေတဲ့ အဖြူရောင်အဆီလွှာကိုတော့ သွားမခွာပစ်ပါနဲ့။ ဒါက ကလေးကို ရောဂါပိုး မဝင်အောင် ကာကွယ်ပေးပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)