ကလေးအိပ်ဖို့ နည်းလမ်းကောင်းများ
အိပ်မပျော်နိုင်တာဟာ လူကြီးတွေမှာတင်မက ကလေးတွေမှာပါ ဖြစ်လေ့ရှိတတ်ပါတယ်။ ဒီလိုကလေးတွေညမအိပ်တဲ့အခါ ဖေဖေမေမေပါ အိပ်မရတော့ပါဘူး။ ညအိပ်ချိန်တိုင်းဟာ မိဘတွေအတွက်ရော သားသားမီးမီးတွေအတွက်ပါ စိတ်ညစ်စရာ ဖြစ်နေမှာပါ။ ဒီလိုမဖြစ်ရလေအောင် ဟောဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်ကြပါစို့။
၁။ ညအိပ်ချိန် သတ်မှတ်ပါ။
ကျောင်းတက်အရွယ်ကလေးတွေမှာ တစ်ညကို အိပ်ချိန် ၉နာရီမှ ၁၁နာရီလောက်ထိ လိုအပ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်နဲ့ တစ်ယောက် အိပ်ချိန်လိုအပ်ချိန်၊ အိပ်ပုံ မတူညီနိုင်ပါဘူး။ ကလေးအများစုဟာ အိပ်ချိန်ပုံစံ တော်ရုံ ပြောင်းခဲပါတယ်။ စောစောထတတ်တဲ့ကလေးဟာ ညအိပ်ချိန်နောက်ကျရင်တောင် စောစောနိုးနေတတ်ပြီး ညနက်မှ အိပ်တတ်တဲ့ ကလေးတွေဟာလည်း အင်အားကုန်ခန်း အိပ်ချင်လာမှ အိပ်တတ်ကြပါတယ်။ ဒါကြောင့် ကလေး လန်းလန်းဆန်းဆန်း နိုးထနိုင်ဖို့ အိပ်ချိန်ဘယ်လောက် လိုအပ်တယ်ဆိုတာကို ကြည့်ပြီး ညအိပ်ချိန် သတ်မှတ်သင့်ပါတယ်။
၂။ မနက်ထချိန် သတ်မှတ်ပါ။
ကလေးဟာတစ်ညကို အိပ်ချိန်ဘယ်လောက်လိုအပ်တယ်၊ ညဘက် ဘယ်အချိန်မှာ အိပ်တတ်တယ်ဆိုတာသိရင် ဘယ်အချိန်ထရမယ်ဆိုတာ သတ်မှတ်ဖို့ လွယ်ကူသွားပါပြီ။ ကျောင်းပိတ်ရက်တွေမှာလည်း အချိန်ပိုအိပ်စက်စေခြင်းက ကလေးကို ညအိပ်မပျော် ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်၊ ထချိန်ကို နေ့စဉ် အချိန်မှန် (ရှေ့တိုးနောက်ဆုတ် အများဆုံး ၁နာရီ) သာ သတ်မှတ်သင့်ပါတယ်။
၃။ ညအိပ်ချိန် လုပ်ရိုးလုပ်စဉ် ပုံမှန်သတ်မှတ်ပါ။
ညအိပ်ခါနီး ပုံပြင်ပြောပြတာဖြစ်ဖြစ်၊ ရေလေးချိုးပေးတာဖြစ်ဖြစ် လုပ်ရိုးလုပ်စဉ် တစ်ခုခု ပုံမှန်လုပ်ပေးခြင်းဖြင့် ကလေးတွေဟာ ညအိပ်ချိန်ရောက်ပြီ ဆိုတာကိုသိနိုင်ပါတယ်။ အထူးသဖြင့် မွေးကင်းစအရွယ်၊ တွားသွားအရွယ်နဲ့ ကျောင်းမနေခင်အရွယ်တွေမှာ ပိုပြီးလိုအပ်ပါတယ်။ ညအိပ်ချိန်ရောက်ပြီဆိုတာကို ကြိုသိနေခြင်းက ကလေးကို စိတ်ပြေလျော့ ပေါ့ပါးစေနိုင်ပါတယ်။ ကြာလာတဲ့အခါ ဒီလို လုပ်ရိုးလုပ်စဉ် ပုံပြင်စဖတ်တာနဲ့ ကလေးကို အိပ်ချင်စိတ် ဖြစ်ပေါ်စေနိုင်ပါတယ်။
၄။ ညအိပ်ချိန်မတိုင်မီ ၂နာရီကြိုပြီး တီဗီပိတ်ပါ။
တီဗီမျက်နှာပြင်၊ ဖုန်းနဲ့ ကွန်ပြူ တာမျက်နှာပြင် မှလာတဲ့ အလင်းဟာ melatonin လို့ခေါ်တဲ့ ဟော်မုန်းထွက်တာကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ Melatonin ဟော်မုန်းဟာ အိပ်ခြင်းနိုးခြင်းမှာ အရေးပါပါတယ်။ ဒီဟော်မုန်းဓာတ် များလာတဲ့အချိန်မှာ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ညမအိပ်ခင် နာရီဝက်မှာ တီဗီကြည့်ခြင်း ဖုန်းကြည့်ခြင်းဖြင့် ၂နာရီလောက် အိပ်မပျော်နိုင်ပဲ ဖြစ်နေမှာပါ။ ဒါကြောင့် အိပ်ခန်းထဲမှာ တီဗီတွေ ဖုန်းတွေကို မထားတာအကောင်းဆုံးပဲ ဖြစ်ပါတယ်။
၅။ ညမအိပ်ခင် စိတ်ဖိစီးမှုနည်းအောင်နေပါ။
စိတ်ဖိစီးမှုများချိန်မှာထွက်တတ်တဲ့ Cortisol ဆိုတဲ့ ဟော်မုန်းဟာလည်း အိပ်ပျော်ခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီဟော်မုန်းများနေတဲ့အချိန်မှာ အိပ်ချင်စိတ်ကို ဟန့်တားတတ်ပါတယ်။ ဒါကြောင့် အိပ်ခါနီးမှာ cortisolဟော်မုန်းဓာတ် လျော့နည်းစေဖို့ အခန်းကို ဆိတ်ဆိတ်ငြိမ်ငြိမ် အလင်းရောင် ဖျော့ဖျော့ ထားသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























