ကလေး စကားပြော အတတ်မြန်စေရေး မိဘတို့က နားထောင် လေ့ကျင့်လို့ပေး
မိမိကလေးအနေနဲ့ အသက် 2 နှစ်ပြည့်ပြီ ဖြစ်သော်လည်း စကား သိပ်မပြောတတ်သေးဘူး။ အခြားသက်တူရွယ်တူ ကလေးတွေနဲ့ နှိုင်းယှဉ်တဲ့အခါ စကားပြော အလွန်နည်းနေတာကို တွေ့နေရပြီး မောင်နှမရင်းချာနဲ့ ယှဉ်ကြည့်တဲ့အခါမှာလည်း ၎င်းတို့ 2 နှစ်သားအရွယ်မှာတုန်းက စကားလုံးတွေ ပြည့်ပြည့်စုံစုံ ပြောတတ်ခဲ့ကြတာပဲ စသဖြင့် မိဘတွေရဲ့စိတ်ထဲမှာ အခြားကလေးတွေနဲ့ နှိုင်းယှဉ်မှုနှင့်အတူ မိမိကလေး ဘာကြောင့်စကားပြောနှေးနေရသလဲဆိုတဲ့ မေးခွန်းတွေနဲ့ ပြည့်နှက်နေကြစမြဲပါ။ တချို့ကလေးတွေအနေနဲ့ စကားပြောတာ၊ လမ်းလျှောက်တာဟာ အခြားကလေးတွေထက် ပိုစောတတ်တဲ့အတွက် ဖေဖေ၊ မေမေတို့ကို ကလေး စကားပြောနှေးတာနဲ့ ပတ်သက်ပြီး တအားကြီး စိတ်ပူပန်နေကြဖို့ မလိုအပ်ပါဘူးလို့ ပြောချင်ပါတယ်။ ဒါပေမဲ့ မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့ အသက်အရွယ် အပိုင်းအခြားအလိုက် ဘာသာစကား ဖွံ့ဖြိုးမှုလေးတွေကို သိရှိထားမယ်ဆိုရင်တော့ ကလေးအား စကားပြောတတ်လာအောင် တစ်ဖက်တစ်လမ်းမှ ဖေးမပေးနိုင်တဲ့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိကလေး စကားပြောနှေးနေခြင်းအတွက် စိတ်ဘဝင်မကျဘဲ ဖြစ်နေရတဲ့မိဘတွေ၊ ကလေး စကားပြော အတတ်မြန်လာအောင် ဘယ်လိုလုပ်ပေးရကောင်းနိုးနိုး ကြံစည်စိတ်ကူးနေတဲ့ မိဘတွေတိုင်း လေ့လာထားသင့်တဲ့ ကလေးအသက်အရွယ်အလိုက် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာလေ့ရှိတတ်တဲ့ ဘာသာစကား ဖွံ့ဖြိုးမှုအခြေအနေကို ဖော်ပြပေးလိုက်ပါတယ်။
>> အသက် 1 နှစ်မပြည့်မီ ကလေး၏စကားသံ
အသက် 1 နှစ်မပြည့်မီအချိန်မှာ ကလေးငယ်လေးတွေရဲ့ ပါးစပ်မှထွက်လာတဲ့ ခိုးခိုးခစ်ခစ်အသံ၊ ဝူးဝူး ဝါးဝါး အသံလေးတွေဟာ ကလေးငယ်လေးရဲ့ ပထမဆုံး စကားသံဖြစ်ပြီး အသက် 9 လသား ဝန်းကျင်လောက်မှာ ‘မေမေ’၊ ‘မမ’ ဆိုတဲ့ အသံလေးတွေ ထွက်တတ်နေပါပြီ။ အသက် 12 လ မပြည့်မီမှာတော့ နို့ဗူး၊ ချိုလိမ်ဆိုတာကို ကောင်းကောင်းမှတ်မိနေပြီး အသံတော့ မထွက်တတ်သေးပါဘူး။ မိဘတွေအနေနဲ့ အသက် 1 နှစ်မပြည့်မီ ကလေးငယ်လေးတွေ ထွက်တတ်တဲ့အသံတွေကို ထပ်ခါတလဲလဲ လေ့ကျင့်ပေးတာ၊ သူတို့ မှတ်မိလွယ်စေမယ့် အရာဝတ္ထုတွေရဲ့နာမည်ကို နားရေဝအောင် ခဏခဏ ပြောပြပေးတာမျိုး ပြုလုပ်ပေးခြင်းဖြင့် ကလေး စကားပြောမြန်စေပါတယ်။
>> အသက် 1 နှစ်နှင့် 1 နှစ် 3 လကြား ကလေးငယ်တွေ ပြောသောစကား
အသက် 1 နှစ်စွန်းစွန်း အရွယ်ရောက်လာချိန်မှာတော့ ပ၊ ဘ၊ မ၊ ဒ၊ န စကားလုံးတွေကို မှတ်သားတတ်လာပြီ မိသားစုဝင်တွေပြောတဲ့ စကားတွေထဲမှာ သူတို့အတွက် မှတ်ရလွယ်တဲ့ အဆိုပါစကားလုံးလေးတွေကို လိုက်လံတုပပြီး ပြောဆိုတတ်လာပါပြီ။ များသောအားဖြင့် "ဘေဘီ"၊ "ဘော" စတဲ့ စကားလုံးတွေကို စပြောနိုင်လာပြီး အရုပ်ကောက်ယူခိုင်းတဲ့ အမိန့်ပေးစကားသံကိုလည်း နားလည်နိုင်လာပါပြီ။ ဒါကြောင့် ဖေဖေ၊ မေမေတို့အနေနဲ့ အသက် 1 နှစ်စွန်းစွန်း မိမိတို့ရဲ့ သားငယ်၊ သမီးငယ်လေးတွေကို သူတို့ပြောထွက်နိုင်တဲ့ စကားလုံးအစလေးတွေကို များများပြောပြပြီး စကားပြောလေ့ကျင့်ပေးပါ။
>> အသက် 1 နှစ် 6 လနှင့် 2 နှစ်ကြား ကလေးငယ်တွေ ပြောသောစကား
လမ်းလျှောက်တတ်စ ကလေးငယ်အများစုဟာ 18 လသားအရွယ်မှာ စကားလုံး (20) ခန့်ပြောကြပြီး အသက် 2 နှစ်အရွယ်မှာတော့ စကားလုံး (50) ဒါမှမဟုတ် (50) ထက်ပိုပြီး ပြောတတ်ကြပါတယ်။ အသက် 2 နှစ်အရွယ် ရောက်လာတဲ့အချိန်မှာ စကားလုံး နှစ်လုံးဆက်စာကြောင်းလေးတွေကို တည်ဆောက်တတ်လာပါပြီ ဥပမာ - ဘေဘီ ငိုတယ်၊ ဖေဖေ စတဲ့ ကားလုံးလေးတွေပါ။ ဒါ့အပြင် မျက်လုံး၊ နား၊ နှာခေါင်းကို မှန်ကန်အောင် ညွှန်ပြနိုင်လာကြပြီး အရုပ်ကောက်ယူပေးပြီး ဒီကိုလာပေးပါဆိုတဲ့ ဆက်စပ်မှုရှိတဲ့ အမိန့်ပေးစကားသံတွေကို လိုက်နာတတ်လာပါပြီ။ ဒါပေမဲ့ ကလေးတစ်ယောက်နဲ့တစ်ယောက် စကားပြောနှုန်း ကွာခြားတတ်တာကြောင့် မိဘတွေအနေနဲ့ စိတ်လောနေဖို့မလိုပါဘူး။ စိတ်ရှည်ရှည်ထားပြီး မိမိကလေး စကားပြောတတ်လာအောင် လေ့ကျင့်ပေးဖို့သာ အဓိကလိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။
>> အသက် 2 နှစ်နှင့် 3 နှစ်အရွယ် ကလေးငယ်တွေ၏ စကားပြောစွမ်းရည်
စကားပြောတတ်စအရွယ်၊ လမ်းလျှောက်တတ်ကာစ 2 နှစ်၊ 3 နှစ်အရွယ် ကလေးငယ်လေးတွေ လေ့လာစူးစမ်းတတ်ကြတာကြောင့် စကားလုံးအသစ်အသစ်တွေ သိသထက်သိလာပြီး စကားပြောစွမ်းရည် တဖြည်းဖြည်း တိုးတက်လာတဲ့အပြင် နားလည်မှုစွမ်းရည်လည်း မြင့်မားလာပါတယ်။ ဥပမာ - စားပွဲပေါ်တင်လိုက်၊ အိပ်ရာအောက်မှာ ထားလိုက်ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်ပြီး လိုက်နာ လုပ်ဆောင်လာတတ်ကြပါတယ်။ အရောင်တွေကို ခွဲခြားတတ်လာပြီး အရာဝတ္ထု အကြီးအသေးက အစ နှိုင်းယှဉ်တတ်လာပါပြီ။ ဒါကြောင့် ဖေဖေ၊ မေမေတို့အနေနဲ့ ကလေးငယ်လေးတွေမသိ၊ နားမလည်သေးတာကို သိမြင်နားလည်လာအောင် သေချာရှင်းပြ ပြောဆိုခြင်းဖြစ်စေ၊ ကလေးငယ် စာဖတ်ဝါသနာပါလာအောင် အိပ်ရာဝင်ချိန်တိုင်း ပုံပြင်စာအုပ် ဖတ်ပြခြင်းဖြင့်ဖြစ်စေ ကလေးမှာစကားလုံး ဝေါဟာရအသစ်တွေ တိုးပွားလာစေဖို့ စိတ်ရှည်ရှည်ထားပြီး ပြုစုပျိုးထောင်ပေးသင့်ပါတယ်။
CMS (www.drmyanmar.com)






























