ကလေး ဆိုးသွမ်းရိုင်းပြနေခဲ့ရင်
အခုခေတ်မှာ ဆိုရှယ်မီဒီယာတွေဟာ ကလေးတွေရဲ့လက်တစ်ကမ်းမှာရှိနေတာမို့ ကလေးတွေဟာ မကောင်းတဲ့အမူအကျင့်တွေကို မြင်ရတွေ့ရပြီး ဆိုးသွမ်းရိုင်းပြဖို့ အခွင့်အလမ်းများလာပါတယ်။ ကလေးတွေကို ကြိုးစားခြင်းနဲ့ တာဝန်ယူတတ်ခြင်းတို့ကို သင်ကြားပေးမှသာ ကြိုးစားမှုရဲ့ရလဒ်နဲ့ တခြားသူတွေကို လေးစားတတ်ဖို့ကို နားလည်လာမှာ ဖြစ်ပါတယ်။
မိဘတွေအနေနဲ့ သင့်တော်တဲ့အပြုအမူအကျင့်တွေနဲ့ တစ်ပါးသူကို လေးစားတတ်ဖို့ကို မပြတ်သင်ကြား ပြောပြပေးနေမှသာ ရိုင်းစိုင်းတာ၊ ကိုယ်ကလွဲပြီး ကျန်တဲ့သူတွေကို ဂရုမစိုက်၊ အလေးမထားတာတွေဟာ လက်ခံနိုင်စရာမရှိတဲ့ အပြုအမူတွေဖြစ်ကြောင်းကို သဘောပေါက်လာမှာပါ။
EC Kidz IA 1
1. ကလေးကို တာဝန်တွေ၊ တောက်တိုမယ်ရတွေပေးပါ။ ခိုင်းပြီး သူတို့လိုချင်တဲ့အခွင့်အရေးတွေ ပေးပါ။ ကိုယ်ကိုယ်တိုင်ကြိုးစားပြီး ရလာတဲ့အရုပ်တွေ၊ ပစ္စည်းတွေကို ပိုပြီးတော့ တန်ဖိုးထားတတ်လာတာကို တွေ့ရမှာပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် ဘယ်အရာမှ အလွယ်တကူမရဘူးဆိုတာကို သင်ကြားပေးရာရောက်ပါတယ်။
2. မိဘတွေ၊ ဆရာ ဆရာမတွေ၊ အကြီးအကဲတွေကို အပြစ်မတင်ဘဲ ကိုယ့်လုပ်ရပ်ကို ကိုယ်တာဝန်ယူတတ်အောင် သင်ကြားပေးရပါမယ်။ သူများကိုအပြစ်ပုံချခြင်းဟာ ကလေးကို ရိုင်းပြတဲ့အပြုအမူတွေ ဆက်လုပ်အောင် အားပေးသလိုပါပဲ။ ကိုယ်ရဲ့လုပ်ရပ်တွေအတွက် ကိုယ်သာလျှင် တာဝန်ရှိပြီး လက်ခံရမယ်ဆိုတာကို အဓိကထားပြီး သင်ကြားပေးရပါမယ်။
3. နောက်ပြီးတော့ ကိုယ့်ရဲ့အရေးပါမှုတွေ၊ ကိုယ့်ရဲ့တန်ဖိုးတွေဟာ ပိုင်ဆိုင်မှုတွေအပေါ် မမူတည်ဘဲ ကိုယ့်ရဲ့အရည်အချင်းတွေ၊ စိတ်ဝင်စားမှုတွေနဲ့ ယုံကြည်မှုတွေအပေါ်မှာ မူတည်တယ်လို့ သင်ကြားပေးရပါမယ်။ စံပြအနေနဲ့ အိမ်မှာလည်း ပစ္စည်းပိုင်ဆိုင်မှုတွေအပေါ် အရမ်းအလေးမထားဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့အပေါ်မှာသာ အလေးထားပေးပါ။
EC Kidz IA 2
4. မေမေဖေဖေတို့အနေနဲ့ အမူအကျင့်တွေအပေါ် တစ်သမတ်တည်း စည်းမျဉ်းချပြီးတော့ ရိုင်းပြတဲ့အမူအကျင့်တွေလုပ်လာရင် နည်းနည်းလေးမှ အလျှော့ပေးဖို့ မသင့်ပါဘူးနော်။ အဓိက,က တစ်သမတ်တည်းဖြစ်နေဖို့ပါပဲ။
5. ကလေးက ရိုင်းပြတဲ့အပြုအမူတွေ ပြုလုပ်တာ၊ ဆိုးတာ နည်းလာခဲ့ရင်လည်း အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ မကောင်းတဲ့အပြုအမူတွေကိုချည်း ဖိပြောနေတာကလည်း မကောင်းတဲ့ဘက်ကို ပိုတွန်းပို့ပေးရာ ရောက်ပါတယ်။ ကလေးဟာ သူ့အမူအကျင့်နဲ့ မေမေဖေဖေတို့ရဲ့တုံ့ပြန်မှုကို ဆက်စပ်သိရှိအောင် မကြာမကြာလည်း ပြောပြပေးဖို့ လိုပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























