/
news/ကလေးများနှင့်ကျန်းမာရေး/ကလေး-နို့တိုက်တဲ့အခါမှာ-ဖြစ်လေ့ရှိတဲ့အမှားများ

ကလေး နို့တိုက်တဲ့အခါမှာ ဖြစ်လေ့ရှိတဲ့အမှားများ

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးမွေးပြီးရင် မိခင်နို့တိုက်တာက သဘာဝပဲဆိုပေမယ့်လည်း နည်းလမ်းမှန်မှန် တိုက်တတ်ဖို့ကတော့ မလွယ်ပါဘူး။ ကလေးနို့်တိုက်တဲ့အခါမှာ မိခင်တွေ လုပ်လေ့ရှိတဲ့အမှားတွေနဲ့ ဒီအမှားတွေကို ဘယ်လိုဖြေရှင်းကြမလဲ၊ ဒီလိုအမှားတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ပြောပြချင်ပါတယ်။

 

1.      ကလေးနို့တိုက်ရင် နို့သီးခေါင်းတွေနာတာ၊ ရင်သားနာတာက သဘာဝပဲလို့ ထင်တတ်ကြပါတယ်။

          ကလေးနို့တိုက်လို့ နို့သီးခေါင်း နာတယ်ဆိုရင် တစ်ခုခု မှားနေတဲ့လက္ခဏာဖြစ်ပြီးတော့ ချက်ချင်း အဖြေရှာသင့်ပါတယ်။

          နို့သီးခေါင်းနာတာက ကလေးနို့စို့နည်း မမှန်လို့ (သို့) ကလေးလျှာခင်ကပ်နေလို့စတဲ့ အကြောငး်တွေကြောင့် ဖြစ်နိုင်ပါတယ်။ နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

          ရင်သားနာတယ်ဆိုရင် ရင်သားမှာ ကိုက်ခဲတာ၊ ပူလောင်တာတွေကို ခံစားရတတ်ပါတယ်။ ဒါကတော့ ကလေးနို့စို့တာ အရမ်းတင်းလွန်းတော့ နို့ကို ဖိတာများပြီးတော့ သွေးစီးဆင်းတာ နည်းသွားလို့ပါ။ ကလေးနို့စို့ပြီးလို့ နို့လွှတ်လိုက်တဲ့အခါမှာ ရင်သားမှာ ပင်အပ်တွေ၊ အပ်တွေနဲ့ထိုးသလိုမျိုး ခံစားရပါလိမ့်မယ်။

          ဒီလိုဖြစ်ရင် ကလေးက နို့စို့နည်း မမှန်တဲ့အတွက် နို့်တွေကို အကုန်မစုပ်နိုင်ဘဲနဲ့ နို့ချောင်းတွေပိတ်ပြီးတော့ နို့ရောင်ရမ်းစေကာ ရောဂါပိုးဝင်နိုင်ချေ များစေတဲ့အတွက် လျစ်လျူမရှုသင့်ပါဘူး။ ကလေးနို့စို့နည်းမမှန်ရင် နို့ထွက်တာကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကလေးနို့စို့နည်းမှန်မှ ဟော်မုန်းတွေ ကောင်းကောင်း အလုပ်လုပ်ပြီးတော့ နို့ထွက်စေတာဖြစ်တဲ့အတွက် နို့စို့နည်းမမှန်ဘူးဆိုရင် အစောပိုင်းမှာမသိသာပေမယ့်လည်း ၂-၃-၄ လလောက်ကြာလာရင် နို့ထွက်နည်းသွားပါလိမ့်မယ်။ နို့ထွက်နည်းသွားတဲ့အခါမှာ ကလေးက နို့စို့နေရင်သားမဝသေးဘဲန ဲ့နို့ကိုလွှတ်လိုက်တာ၊ စိတ်တိုပြီးတော့ ကောင်းကောင်းမအိပ်တာကို တွေ့ရပါမယ်။

 

2.      မိခင်တွေက ကိုယ် ဗိုက်ဆာတာ၊ ရေဆာတာတွေကို လျစ်လျူရှုတာလည်း မှားပါတယ်။

          နို့ရည်ထွက်ဖို့အတွက် မိခင်ရဲ့သွေး၊ အရိုး၊ ကြွက်သားတွေထဲမှာရှိတဲ့ အာဟာရဓာတ်တွေကို ယူရတာဖြစ်တဲ့အတွက် နို့တိုက်မိခင်တစ်ယောက်က အာဟာရပြည့်ဝအောင် မစားဘူးဆိုရင် အာဟာရချို့တဲ့မှုကို ဖြစ်စေပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကနေ ထွက်သွားသလောက် ပြန်စားမပေးတဲ့အခါမှာ စိတ်ရောကိုယ်ရောကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကလေးကို ဂရုစိုက်နေရတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း အချိန်မရတဲ့အတွက် ကိုယ်ဝန်ဆောင်အားဆေးကို မိခင်နို့တိုက်နေစဉ်တစ်လျှောက်လုံး ဆက်သောက်ပေးပါ။

 

3.      ကလေး လျှာခင်ကပ်နေတာကို မသိခြင်း (သို့) မသိလိုက် မသိဘာသာ နေတာကလည်းမှားပါတယ်။

          ကလေးနို့တိုက်နေတုန်းမှာ နို့သီးခေါင်းနာတာလိုမျိုးပြဿနာတွေ ကြုံရရင် ကလေးရဲ့လျှာလေးကို စစ်ကြည့်ပါ။ လျှာကအပေါ်ကိုလှုပ်နိုင်လား၊ လျှာ ဘယ်လောက်ထုတ်နိုင်လဲ ဆိုတာတွေကိုကြည့်ဖို့အရေးကြီးပါတယ်။ ကိုယ့်ဟာကိုယမသိနိုင်ဘူးဆိုရင် ဆရာဝန်သွားပြကြည့်ပါ။ လျှာခင်ကပ်နေတဲ့ကလေးငယ်တွေက တစ်ခါစို့ရင်နည်းနည်းနဲ့ ခဏခဏစို့တတ်ပါတယ်။

 

4.      ကလေးနို့စို့ရင်း အိပ်ပျော်သွားရင် နို့ဝလို့အိပ်သွားတယ်လို့ ထင်တာလည်းမှားပါတယ်။

          ကလေးက နို့စို့ရင်း အိပ်ပျော်သွားတာကတော့ ဘာမှမမှားပါဘူး။ ဒါပေမဲ့လည်း ကလေး နိုးလာပြီးတော့ ငါးမိနစ်လောက်ကြာရင် စိတ်တိုလာတာ။ ကောင်းကောင်းမအိပ်တာ၊ နာရီဝက်လောက်ကြာရင် ပြန်ထပြီးတော့ နို့စို့တာတွေကတော့ နို့မဝဘဲ အိပ်ပျော်သွားလို့ ဖြစ်ပါတယ်။ ကလေးက ကိုယ်အလေးချိန် မတက်တာတွေ၊ ဆီး ကောင်းကောင်းမသွား၊ အီး ကောင်းကောင်းမပါတာတွေမရှိဘူးဆိုရင်တော့ ပြသနာမရှိပါဘူး။ ကလေး နို့ဝ၊ မဝ သိဖို့အတွက်ဆိုရင် နို့တိုက်ပြီးရင် ကလေးကို ပုခက်ထဲမှာမဟုတ်ဘဲနဲ့ အောက်ကိုခဏချကြည့်ပါ။ ကလေးကိုယ်လုံးက တွန့်လိန်နေတယ်ဆိုရင်တော့ ကလေးကို ကောက်ယူပြီးတော့ လေထုတ်သလို ချီထားပေးပါ။ ။ ကလေးက လေတက်ပြီးတော့ ကိုယ့်လက်ပေါ်မှာ ပြန်အိပ်သွားရင်ပုံမှန်ပါပဲ။ ဒီလိုမဟုတ်ဘဲနဲ့ ကလေးက ခေါင်းကို ဟိုလှုပ်ဒီလှုပ်လုပ်ပြီးတော့ နို့လိုက်စမ်းတယ်ဆိုရင် (သို့) လက်စုပ်တယ်ဆိုရင် နို့မဝသေးတဲ့လက္ခဏာပါ။

 

5.      တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။

          တစ်ယောက်နဲ့ တစ်ယောက် လုပ်နိုင်တာခြင်း မတူကြပါဘူး။ တစ်ယောက်အတွက် လွယ်တာက တခြားတစ်ယောက်အတွက် အခက်အခဲ ဖြစ်ရင်ဖြစ်နေတတ်ပါတယ်။ ဒီတော့သူများတွေနဲ့ နှိုင်းယှဉ်မနေဘဲနဲ့ ကိုယ့်မိသားစုအတွက် အကောင်းဆုံးဖြစ်အောင်ပဲ လုပ်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)