/
news/ကလေးများနှင့်ကျန်းမာရေး/ကလေး-မကြီးထွားရခြင်း-နောက်ကွယ်မှ-ဖြစ်နိုင်ခြေရှိသည့်-အကြောင်းအရင်းများ

ကလေး မကြီးထွားရခြင်း နောက်ကွယ်မှ ဖြစ်နိုင်ခြေရှိသည့် အကြောင်းအရင်းများ

Category
ကလေးများနှင့်ကျန်းမာရေး

1.       ကလေး မကြီးထွားရခြင်းရဲ့ အဓိကအကြောင်းအရင်း (90% ကျော်) ကတော့ ကယ်လိုရီစားသုံးမှု မလုံလောက်တာကြောင့်ပဲ ဖြစ်ပါတယ်။ ကလေးငယ်ဟာ အကြောင်းပြချက် အမျိုးမျိုးနဲ့ အစာစားဖို့ ငြင်းဆန်တာ (သို့) ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုအတွက် ကယ်လိုရီ လိုအပ်တယ်ဆိုတာ မိဘတွေအနေနဲ့ ဗဟုသုတ မပြည့်၀တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လမ်းလျှောက်တတ်ခါစ ကလေးငယ်များတွင် ပိုမိုဖြစ်လေ့ရှိပြီး အစာ မစားချင်တာကလွဲလို့ လှုပ်လှုပ်ရှားရှားနဲ့ ပုံမှန်အတိုင်း ကျန်းမာနေတတ်ပါတယ်။ လသားကလေးတွေမှာတော့ မိခင်နို့ မလုံလောက်တာ၊ နို့ဘူးဖျော်တဲ့အခါမှာ ထည့်ရတဲ့အချိုးအစား မှားနေတာတွေကြောင့် မကြီးထွားတာ ဖြစ်နိုင်ပါတယ်။

 

2.       တစ်ခါတစ်ရံမှာ ကလေးထိန်းတဲ့သူဟာ စိတ်ပိုင်းဆိုင်ရာ မူမမှန်တာကြောင့် ကလေးငယ်ကို အစာ လုံလောက်အောင် မကျေွးတာမျိုး ဖြစ်နိုင်ပါတယ်။ အချို့သော ဆယ်ကျော်သက်တွေမှာဆိုရင်တော့ ပိန်ချင်တဲ့အတွက် အစာလျှော့စားရာမှ အာဟာရချို့တဲ့တာမျိး ဖြစ်လာတတ်ပါတယ်။

 

3.       ခံတွင်း (သို့) အာရုံကြောဆိုင်ရာ ရောဂါမျိုးကြောင့် ကလေးငယ်ဟာ အစာမမျိုချနိုင်တဲ့အတွက် အစာကို ကောင်းစွာ မစားတာမျိုး ဖြစ်နိုင်ပါတယ်။ (ဥပမာ - အာရုံကြော ဖွံ့ဖြိုးမှုနည်းခြင်း၊ အာခေါင်ကွဲခြင်း)

 

4.       ကလေးငယ်ဟာ အလွန်အကျွံ အန်နေတာကြောင့် ခန္ဓာကိုယ်ဟာ နို့ (သို့) အစာကို ကောင်းစွာ မစုပ်ယူနိုင်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ အကြောင်းအရင်းကတော့ အာရုံကြောအားနည်းတဲ့ ကလေးတွေမှာ အက်ဆစ်ပြန်ဆန်တက်ခြင်းနဲ့ ဆက်စပ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်နှစ်အောက် ကလေးငယ်တွေမှာတော့ အသက်ကြီးလာတာနဲ့အမျှ အက်ဆစ်ပြန်ဆန်တက်ခြင်းဟာ သက်သာလာပြီး ပြဿနာတစ်ခု မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ရှားရှားပါးပါး တချို့ကလေးတွေဟာ အစာအိမ်ထွက်ပေါက် ကျဉ်းနေတာကြောင့် အလွန်အကျွံ ဆန်ခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့ေ၀ဒနာမျိုး ခံစားနေရပါက ၀မ်းဗိုက်ကို တယ်လီဗွီးရှင်းဓာတ်မှန်ရိုက်ခြင်းကဲ့သို့ အထူးစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါတယ်။

 

5.       ကလေးငယ်တွေမှာ ပန်ကရိယရဲ့ လုပ်ငန်းဆောင်တာ မကောင်းမွန်မှုကြောင့် အစာကို မချေဖျက်နိုင်တဲ့အတွက် ကိုယ်အလေးချိန် မတက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထိုအခြေအနေမျိုးမှာ မိဘတွေအနေနဲ့ ကလေးငယ်ဟာ အနံ့ဆိုးပြီး ချွဲပျစ်တဲ့၀မ်းတွေ သွားနေတယ်လို့ ဆရာ၀န်ကို ပြောပြတတ်ကြပါတယ်။

 

6.       အူနံရံတွေ မကောင်းတဲ့ရောဂါတွေဖြစ်တဲ့ Celiac ရောဂါနဲ့ Crohn's ရောဂါတွေကြောင့်လည်း ကလေးငယ်တွေမှာ ကိုယ်အလေးချိန်မတိုးတာ ဖြစ်နိုင်ပါတယ်။ Celiac ရောဂါမှာဆိုရင် ဂလူတန်ပါတဲ့ အစားအစာတွေ စတင်ကျေွးတဲ့ အချိန်ကစပြီးတော့ ရောဂါလက္ခဏာတွေ စတင်ပေါ်ပေါက်လာတတ်ပါတယ်။

 

7.       အချို့သောအခြေအနေတွေမှာ ဆိုရင်တော့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှု ပြင်းထန်လွန်းတဲ့အတွက် ကယ်လိုရီတွေကို အလျင်အမြန် လောင်ကျွမ်းစေနိုင်ပါတယ်။

 

8.       နှလုံးရောဂါ ခံစားနေရတဲ့ ကလေးငယ်ဟာ အသက်ရှူရ ခက်ခဲပြီး နှလုံးကောင်းစွာ အလုပ်မလုပ်တော့တဲ့အတွက် အစာလည်း ကောင်းစွာ မစားနိုင်တော့တာ ဖြစ်ပါတယ်။

 

9.       ရှားရှားပါးပါးအနေနဲ့ ကျောက်ကပ်ရောဂါ (သို့) ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်တဲ့ အခြေအနေတွေမှာ အချို့သော ကြီးထွားခြင်းဆိုင်ရာ လုပ်ဆောင်မှုတွေ ယိုယွင်းလာတဲ့အတွက် ကိုယ်အလေးချိန်သာမက အရပ်ရှည်ခြင်းအပေါ်မှာပါ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

 

10.     ထို့ပြင် အချို့သောကလေးတွေမှာ ကိုယ်အလေးချိန်တိုးခြင်းကို ဟန့်တားမှု ဖြစ်စေနိုင်တဲ့ မိသားစုမျိုးရိုးရောဂါတွေ ပါလာတတ်တဲ့အတွက် ဆရာ၀န်နှင့် သေချာစွာ တိုင်ပင်၍ ကုသမှု ခံယူသင့်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)