ကလေး မွေးပြီးချိန်မှာ ...
ကလေးမွေးပြီးချိန်မှာ မိဘတွေရဲ့ဘဝဟာ မသိလိုက် မသိဘာသာနဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာသလဲဆိုတာ ကြည့်လိုက်ရအောင် ...။
၁။ အချိန်တိုင်းဟာ ကလေးလေးအတွက် ဖြစ်သွားပါတယ်။
မွေးခါစ နီတာရဲလေးတွေဟာ တစ်နေ့ကို ၁၈ နာရီလောက် အိပ်တတ်ပါတယ်။ ဒီလိုအိပ်ချိန်ကြားထဲမှာ နို့စို့ချိန်၊ သေးခံလဲချိန်၊ ချီပိုးချော့မြူချိန်တွေ စသည်ဖြင့် အမျိုးမျိုး လိုက်လုပ်ပေးနေရတာကြောင့် အချိန်တိုင်းဟာ ကလေးအတွက်ချည်း ဖြစ်နေတတ်ပါတယ်။
● မှတ်ချက် : ၃၊ ၄ ပတ်လောက် ဒုက္ခရောက်ပြီးနောက်မှာ ကလေးရဲ့ အိပ်ချိန်တွေဟာ ပိုကြာလာပြီး ခန့်မှန်းရနိုင်လာတဲ့အတွက် နောက်ပိုင်းမှာ အခိျန်စီမံခန့်ခွဲမှုမှာ ဆရာကြီး ဖြစ်လာပါလိမ့်မယ်။
၂။ တစ်ကမ်ဘာလုံးဆိုင်ရာမိဘများ အသင်းဝင် ဖြစ်သွားပါပြီ။
ကလေးမိဘတွေ ဖြစ်သွားတဲ့အခါ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီး ရလာပါတယ်။ လမ်းမှာ ဖြတ်သွားတဲ့ သူစိမ်းတွေက ပြုံးပြလာကြတာကို တွေ့ရပါလိမ့်မယ်။ ဘုရားကျောင်းက ကလေးအမေတွေက ကလေးတွေ စုကစားကြဖို့ ဖိတ်ခေါ်တာကို ကြုံရပါလိမ့်မယ်။ အလုပ်ရှင်သူဌေးက ကလေး ဆရာဝန်ရက်ချိန်း အဆင်ပြေ၊ မပြေ စူးစမ်းပါလိမ့်မယ်။ ဒီလို ကလေးအပေါ် စိတ်ဝင်စား ချစ်ခင်ကြတဲ့ အပေါင်းအဖော်တွေ တွေ့လာရမှာပါ။
● မှတ်ချက် : ကိုယ့်မိသားစုနဲ့ ကိုက်ညီတဲ့ ကလေးထိန်းကျောင်းမှုပုံစံတစ်မျိုး ကိုယ်ကိုယ်တိုင် တီထွင်ဖန်တီးလာနိုင်ပါလိမ့်မယ်။
Cool Feel 1

၃။ ဇနီး၊ ခင်ပွန်း ဆက်ဆံရေးပါ ပြောင်းလဲသွားနိုင်ပါတယ်။
ပြုစုလုပ်ကိုင်ဆက်ဆံဖို့ လူတစ်ယောက် ထပ်တိုးလာတဲ့အတွက် ဇနီးမောင်နှံမိဘနှစ်ဦးအတွက် အချင်းချင်း အချိန်မပေးနိုင်တော့ပါဘူး။ အလုပ်ရှုပ်လွန်းလို့ တချို့ရက်တွေ စကား မပြောဖြစ်တာမျိုးတောင် ရှိလာနိုင်ပါတယ်။ အကယ်၍ မိဘတစ်ဦးထဲက ကလေးကြည့်တာ ပိုများခဲ့ရင် အခြားတစ်ယောက်မှာ ဟာတာတာဖြစ်သလို ခံစားရတတ်ပါတယ်။
● မှတ်ချက် : နှစ်ယောက်တည်း နေနိုင်ဖို့ အချိန်ပေးပါ။ ညစာ ထွက်စားတာဖြစ်ဖြစ် လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးသင့်ပါတယ်။
၄။ ညဘက်မှာ အလုပ်တွေ ပိုလာပါတယ်။
ကလေး မွေးလာပြီဆိုတာနဲ့ ညဘက်မှာ ကောင်းကောင်းအိပ်ချိန် မရနိုင်တော့ပါဘူး။ ကလေး ညဘက်တွေမှာ ကောင်းကောင်း တောက်လျှောက် အိပ်တဲ့အချိန်အထိ ခင်ပွန်းနဲ့ဇနီး တစ်လှည့်စီ ထပြီး ကြည့်သင့်ပါတယ်။
● မှတ်ချက် : နေ့ဘက်တွေမှာ ကလေး အိပ်နေတဲ့အချိန်တွေမှာလည်း အိမ်အလုပ်တွေလုပ်ဖို့ မကြိုးစားဘဲ လှဲအိပ် တ်ရေးတစ်မော အနားယူသင့်ပါတယ်။
၅။ ဧည့်သည်တွေ အများကြီး လာကြပါလိမ့်မယ်။
မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ အကုန်လုံး ချစ်စရာ ကလေးငယ်လေးကို တွေ့ချင်၊ မြင်ချင်ကြမှာပါ။ သူတို့ကလေးကို ဘယ်လိုထိန်းခဲ့ရကြောင်း အတွေ့အကြုံတွေ ကြားသိနိုင်တဲ့အပြင် ကလေးပြုစုနည်း အကြံကောင်းတွေပါ ပေးကြပါလိမ့်မယ်။ အရေးကြီးတာက လာတဲ့ဧည့်သည်တွေ ဖျားနာခြင်းမရှိဖို့နဲ့ ကလေးကို မချီပိုးခင်မှာ လက်ဆေးဖို့ပဲ ဖြစ်ပါတယ်။
● မှတ်ချက် : ဧည့်သည်တွေများလို့ ပင်ပန်းလာခဲ့ရင်လည်း အားမနာပါနဲ့။ နောက်နေ့မှ ထပ်တွေ့ရအောင်လို့ ပြောလိုက်ရင် လူတော်တော်များများက နားလည်သဘောပေါက်ကြမှာပါ။
Cool Feel 2

၆။ မျက်နှာက ပုံစံမျိုးစုံ လုပ်နိုင်လာမှာပါ။
ကလေးတွေဟာ သူတို့ရဲ့ပတ်ဝန်းကျင်ကို အဆက်မပြတ် လေ့လာ အတုခိုးလေ့ ရှိပါတယ်။ ဒါကြောင့် ကလေးကို မြှူဖို့အတွက် မျက်နှာပုံစံမျိုးစုံ လုပ်ပြကြည့်ပါ။ ၃၊ ၄ ပတ်လောက် ကြာတဲ့အခါ ကလေးလေးလည်း ပုံစံမျိုးစုံ အတုခိုးလိုက် လုပ်လာတာကို တွေ့ရမှာပါ။
● မှတ်ချက် : ကလေးကို ချော့မြှူဖို့အတွက် ပြုံးပြတာ၊ လျှာထုတ်ပြတာ၊ အသံမျိုးစုံ ထွက်ပြတာမျိုးတွေ လုပ်ပေးပါ။
၇။ အကူအညီ တောင်းပါ။
ကလေးလေးတွေ ရှိတာဟာ အိမ်ဆည်းလည်း ဖြစ်ပေမယ့် ကလေးကို ပြုစုစောင့်ရှောက်ဖို့ လူရောစိတ်ပါ အလွန်ပင်ပန်းလှပါတယ်။ ဒါကြောင့် တစ်ယောက်တည်း မကြည့်ပါနဲ့။ ဇနီးရော၊ ခင်ပွန်းပါ တစ်ယောက်တစ်လှည့် ထိန်းသင့်ပါတယ်။ ကိုယ့်အတွက် ကိုယ်ပိုင်အချိန် ရှိပါစေ။ ကိုယ်ပိုင်အချိန်မှာ ရုပ်ရှင်ကြည့်တာ၊ လမ်းလျှောက်တာ၊ စာဖတ်တာ၊ ရေစိမ်ချိုးတာ စသည်ဖြင့် ဝါသနာပါရာ တစ်ခုခု လုပ်နိုင်ပါတယ်။
● မှတ်ချက် : တကယ်လို့ မိဘတစ်ဦးတည်း ရှိသူတွေမှာတော့ မိတ်ဆွေ၊ အပေါင်းအသင်းတွေကို အကူအညီ တောင်းသင့်ပါတယ်။ ကိုယ်ပိုင်အချိန်လေးရှိခြင်းက အားအင်ပြန်ပြည့်စေမှာပါ။
၈။ ကလေးလေးနဲ့ စကားပြောပေးပါ။
ကလေးကို စကားပြောပြောပေးတဲ့အခါ ကလေးလေးဟာ လေ့လာသင်ယူနိုင်သလို မိဘနဲ့ကလေးကြား ရင်းနှီးချစ်ခင်မှုကို ဖြစ်ပေါ်စေပါတယ်။
● မှတ်ချက် : ကလေးပြောသမျှ ဘာဘာ ... ဂူးဂူး စသည်ဖြင့် လိုက်ပြောကြည့်ပါ။ ကလေး ပြောသမျှ နောက်က လိုက်ပြောပေးခြင်းကလည်း အပေးအယူ စကားပြောနည်းကို သိရှိစေပါတယ်။
၉။ အပြစ်ရှိသလို ခံစားရတတ်တာဟာ ပုံမှန်ပါပဲ။
ကလေးရခါစမှာတော့ ကိုယ့်ကိုယ်ကို မိဘကောင်းတစ်ယောက် ဖြစ်ရမယ်လို့ ကြွေးကြော်ပေမယ့် ကြာလာတာနဲ့အမျှ ကလေးထိန်းရတာကို တစ်ခါတလေ ငြီးငွေ့လာတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားလာရတတ်ပါတယ်။ ဒီလိုငြီးငွေ့လာတတ်တာဟာ ပုံမှန်ပဲဖြစ်တာကြောင့် စိတ်မညစ်ပါနဲ့။
● မှတ်ချက် : ကလေးလေး အတန်ကြီးလို့ ပုခက်ထဲ ထားခဲ့လို့ရတဲ့အချိန် ရောက်တဲ့အခါ သူငယ်ချင်း၊ အပေါင်းအသင်း တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ကိုယ်ပိုင်အချိန်လေး ရယူပါ။
၁၀။ ကလေးစာအုပ်လေးတွေ ဖတ်ပြပါ။
ကလေးစာအုပ်တွေကို အရင်က လှန်လှောတောင် မကြည့်ခဲ့ဖူးပေမယ့် အခုတော့ မဖတ်မဖြစ် ဖြစ်လာပါပြီ။ စာအုပ်အများစုဟာ ကလေးရော၊ မိဘရောအတွက် ရည်စူးပြီး ရေးပြထားတာ ဖြစ်တဲ့အတွက် ပညာလည်းရ၊ ပျော်ဖို့လည်း ကောင်းပါတယ်။ ကလေးတွေဟာလည်း စာဖတ်ပြတာကို ကြိုက်နှစ်သက်တဲ့အတွက် ဘယ်အသက်အရွယ်ကိုမဆို ဖတ်ပြနိုင်ပါတယ်။
● မှတ်ချက် : ကလေးကို စာဖတ်ပြခြင်းဖြင့် ကြီးလာတဲ့အခါ စာလုံးတွေကို ပိုမှတ်မိနိုင်ပါတယ်။
၁၁။ အမှားတွေ ပြုလုပ်နိုင်ပါတယ်။
တကယ့်လူ့ဘဝကြီးမှာ လူတိုင်း အမှားမကင်းတာမို့ မိဘတွေဟာလည်း အမှားတွေ လုပ်မိနိုင်ပါတယ်။ ကိုယ့်ကလေးနဲ့ အဆင်ပြေမယ့်အရာကိုသာ လုပ်ပေးပါ။ ဘယ်အရာမှ တစ်သမတ်တည်း မှန်နေ၊ မှားနေတာ မရှိပါဘူး။ ကလေးဟာ ချိုလိမ်စို့မှ အိပ်ပျော်တယ်ဆိုရင် ဘယ်အသက်အရွယ်ပဲ ဖြစ်နေပါစေ၊ ပေးစို့လိုက်ပါ။ ကလေးကို မထိခိုက်စေဘူးဆိုရင် လုပ်ပါစေ။
● မှတ်ချက် : အကယ်၍ လုပ်သင့်၊ မလုပ်သင့် မသေချာခဲ့ရင် ကလေးဆရာဝန်တွေကို မေးမြန်းသင့်ပါတယ်။
၁၂။ ကလေးတွေအတွက် တရားသူကြီး ဖြစ်လာပါတယ်။
ကလေး ကြီးလာတာနဲ့အမျှ မိဘတွေရဲ့ အထိန်းအကွပ် ပိုလိုလာပါတယ်။ သတ်မှတ်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ မောင်နှမတွေကြားက ရန်ပွဲတွေ စသည်ဖြင့် ပိုလာပါတယ်။ စည်းကမ်းချမှတ်ရတာ မလွယ်ကူလှပေမယ့် ကလေးစိတ်ဓာတ်ရေးရာ၊ ကိုယ်ခန္ဓာရေးရာ ကျန်းမာကောင်းမွန်စေဖို့အတွက် မဖြစ်မနေ ချမှတ်ရမှာပါ။
● မှတ်ချက် : ကလေးတစ်ယောက်ချင်းစီးနဲ့ အတူတူ ဆော့ကစား၊ အပြင်သွား၊ စကားပြောတာမျိုး လုပ်ပေးသင့်ပါတယ်။
၁၃။ အိမ်သာတက်တိုင်း တစ်ကောက်ကောက် လိုက်နေပါလိမ့်မယ်။
ကလေးကို အိမ်သာတက်နည်း လေ့ကျင့်တဲ့အခါ အိမ်သာတက်တိုင်း လိုက်ပါလာပါလိမ့်မယ်။ ဒါကို မိဘ ပုံစံပြလေ့ကျင့်နည်းလို့ ခေါ်ပါတယ်။
● မှတ်ချက် : ကလေးတွေဟာ မိဘပြောတဲ့စကားကိုရော အပြုအမူတွေကိုပါ သင်ယူပါတယ်။
၁၄။ မိဘတွေရဲ့ အနန္တ မေတ္တာတရားကို ခံစားမိမှာပါ။
မိဘအများစုအတွက် ဒီမေတ္တာဟာ အလိုလို ပေါ်လာတတ်ပေမယ့် အချို့မှာတော့ အချိန်တစ်ခု ယူရတတ်ပါတယ်။ တချို့ရက်တွေမှာ ကိုယ့်ရင်သွေးကို ကြည့်လိုက်တိုင်း တစ်ခါမှ မခံစားဖူးတဲ့ မေတ္တာထုကြီးကို ခံစားရနိုင်ပါတယ်။ ဒီမေတ္တာထုကြီးရဲ့ အတိုင်းအဆကို တစ်ခါတလေ ကိုယ့်ကိုယ့်ကိုတောင် အံ့သြမိနိုင်ပါတယ်။
● မှတ်ချက် : ဒီမေတ္တာကို ဘဝတစ်သက်စာ တန်ဖိုးထားပါ။
၁၅။ ကလေးစရိတ်ဟာ အလွန်ကြီးမားပါတယ်။
သာမန် အလယ်အလတ်တန်းစား မိသားစုတစ်ခုမှာ ကလေးတစ်ယောက်ရဲ့ အသက် ၁၈ နှစ်အထိ စရိတ်ဟာ ဒေါ်လာ ၂၂၅,၀၀၀ ခန့် ရှိပါတယ်။ ဒါဟာ အခြေခံ နေထိုင်၊ စားသောက်မှုနဲ့ လိုအပ်ချက်တွေလောက်သာ ရှိပါသေးတယ်။ အခြား ကျန်းမာရေးစရိတ်တွေ၊ ကောလိပ်ဖိုးတွေ မပါသေးပါဘူး။
● မှတ်ချက် : ကိုယ့်ရဲ့ဝင်ငွေ၊ ထွက်ငွေကို သေချာစိစစ်ပါ။
၁၆။ မိဘဆိုတာ စွန့်လွှတ်ဖို့ပါပဲ။
ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုမှတ်တိုင်တိုင်းဟာ အောင်မြင်မှုတွေပါ။ ဒီ့အတူ ကလေးဟာ တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကို ပိုပြီးရပ်တည်လာနိုင်တာနဲ့အမျှ မိဘကို ပိုပိုပြီး မလိုအပ်တော့ပါဘူး။ ဒါဟာ မိဘတစ်ယောက်ရဲ့ ငိုရက်နဲ့ ပြုံးရတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။
Dr. Emerald (www.drmyanmar.com)






























