/
news/ကလေးများနှင့်ကျန်းမာရေး/ကလေး-အစာနင်နေရင်-ဘယ်လိုလုပ်ပေးမလဲ

ကလေး အစာနင်နေရင် ဘယ်လိုလုပ်ပေးမလဲ?

Category
ကလေးများနှင့်ကျန်းမာရေး

        ကျွန်မ ကလေး အစာနင်ပြီး သေမလို ဖြစ်နေတာကို တွေ့လိုက်ရတာ မျက်လုံးပြူးပြီးတော့ ကြောက်သွားတာပဲ။ ဘာလုပ်ပေးရမှန်းလည်း မသိဘူးလို့ သူ့ရဲ့ ၁၈ လအရွယ် သားလေး စပျစ်သီး နင်နေတာကို တွေ့ခဲ့ရတဲ့ အမေတစ်ယောက်က ပြောပါတယ်။ ခါတိုင်းတော့ စပျစ်သီးတွေကို အတုံးလေးတွေ တုံးပြီးပေးတာပဲ။ အဲဒီနေ့ကတော့ မိတ်ဆွေတစ်ယောက်အိမ်ကို အလည်သွားတော့ ကလေးကြီးတွေနဲ့ အတူထိုင်နေပြီးတော့ ဘာမှလုပ်မပေးရသေးခင်မှာပဲ စပျစ်သီးတစ်လုံးကိုယူပြီး သူ့ပါးစပ်ထဲကို ထည့်ပြီး ရယ်လိုက်သေးတယ်။ တစ်ခုလုံး မမျိုချဖို့ တားပေမယ့်လည်း မမှီတော့ဘူး ကလေးက မျိုချလိုက်ပြီး နင်တော့တာပါပဲ။

          စပျစ်သီး နင်တော့ သားလေးရဲ့မျက်လုံးတွေက တစ်မျိုးဖြစ်လာတယ်။ လက်နှစ်ဖက်က တဖျတ်ဖျတ်နဲ့ လှုပ်နေပြီးတော့ မျက်နှာကြီး နီလာပြီး ဘာသံမှ မထွက်နိုင်တော့ဘူး။ ကလေးကို ကုလားထိုင်ကနေ မချီပြီးတောာ့ နောက်ကျောကို အကြိမ်ကြိမ် ပုတ်ပေးပေမယ့်လည်း စပျစ်သီးက ထွက်မကျလာဘဲနဲ့ တစ်နေတယ်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိဘဲနဲ့ အရေးပေါ်ကားကို ခေါ်လိုက်တယ်။ ခေါ်နေတဲ့အချိန်မှာပဲ သားလေးက သတိလစ်နေပြီ။ ဒါက အရမ်းသွေးပျက်ဖို့ကောင်းလို့ ပြန်တောင် မပြောတတ်တော့ဘူး။ ရှေးဦးသူနာပြုစုနည်းသင်တန်းမှာ သင်ထားတဲ့ဟာတွေကို မှတ်မိသလောက် စဉ်းစားပြီးတော့ ပါးစပ်နဲ့ အသက်ရှူနိုင်အောင် လုပ်ပေးခဲ့တယ်။ လူနာတင်ယာဉ် ရောက်လာတဲ့အချိန်မှာတော့ ကလေးက အသက်ရှူရပ်သွားပြီ။ ဒါပေမဲ့ နှလုံးခုန်သံလေး ဖျော့ဖျော့တော့ ကြားရတယ်လို့ ပြောတယ်။ ပြီးတော့ သူတို့က forcep အရှည်ကို သုံးပြီး စပျစ်သီးကို ထုတ်ပေးခဲ့တယ်။ ဆေးရုံရောက်တော့ ဆရာဝန်က ကလေးက နောက်နေ့မှာ ပြန်နိုးလာလိမ့်မယ်။ လည်ချောင်းနာရုံကလွဲပြီး ဘာမှဖြစ်မှာမဟုတ်ဘူးလို့ ပြောပေမယ့်လည်း နောက်နေ့မနက် ရောက်တော့လည်း ကလေးက မနိုးတော့ဘဲနဲ့ အချိန်ကြာလာပေမယ့်လည်း နှလုံးခုန်နေတာကလွဲပြီးတော့ ဘာတုံ့ပြန်မှုမှ မရှိတော့ဘူး။

          ဒီအဖြစ်လေးကို ကြည့်မယ်ဆိုရင် မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့အသက်ကို အချိန်မီကယ်နိုင်ဖို့အတွက် နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်။

♦       တစ်စက္ကန့်တောင် အချိန်မဖြုန်းပါနဲ့ - ကလေး ချောင်းဆိုးလိုက်ပြီးရင်တောင်မှ အထဲမှာ နင်နေတာ ပြန်ထွက်မလာဘူးဆိုရင် ချက်ချင်း လုပ်ဆောင်ပါ။ အထဲမှာ တစ်ခုခု ရှိနေလားကြည့်ပါ။ ပြီးရင် ကိုယ်က ထုတ်လိုက်လို့ အထဲကို ပိုမဝင်စေဘူးဆိုတာ သေချာမှသာ ဆွဲထုတ်ပါ။

♦       မွေးကင်းစမှ အသက် တစ်လ အရွယ်အထိ - ကလေးရဲ့ခေါင်းကို ခန္ဓာကိုယ်အောက် အနည်းငယ်နှိမ့်ပြီးတော့ ကလေးကို မှောက်ရက် ချထားပါ။ ကိုယ့်ရဲ့လက်ဖဝါးနဲ့ ကလေးရဲ့ လက်ပျဉ်ကြောနှစ်ခုအလယ်ကို ပုတ်ပေးပါ။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေတုန်းပဲဆိုရင် ခေါင်းကို နှိမ့်ရက်သားနဲ့ပဲ ကလေးကို ပက်လက်ပြန်လှန်ပါ။ ကလေးရဲ့ရင်ဘတ်အလယ်ကို ကိုယ့်ရဲ့ လက်ချောင်းနှစ်ချေင်းနဲ့ သုံးပုံတစ်ပုံလောက် ဝင်အောက် ဖိပေးပါ။ တစ်ခါ ဖိနှိပ်ပြီးတိုင်း ပါးစပ်ထဲကို စစ်ကြည့်ပြီးတော့ ပိတ်ဆို့နေတာကို မြင်သာရင် ဖယ်ထုတ်လိုက်ပါ။ နောက်က ပုတ်တာနဲ့ ရင်ဘတ်ကို ဖိတာ ၃ ကြိမ် လုပ်ပြီးရင်တော့ အရေးပေါ်ခေါ်ပါ။ ဗိုက်ကနေ ပင့်ထုတ်ထာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။

♦        အသက် တစ်နှစ်အရွယ်မှ အရွယ်ရောက်သည်အထိ - ကလေးကို ကိုယ့်ရဲ့ဒူးခေါင်းတွေပေါ်မှာ တင်ထားပြီးတော့ နောက်ကနေ ၅ ကြိမ် ပုတ်ပေးပါ။ အလုပ်မဖြစ်ရင် ကလေးရဲ့နောက်ကနေ ရပ်ပြီးတော့ ကလေးရဲ့ ချက်နဲ့ ရင်ညွန့်ရိုးကြားမှာ လက်သီးဆုပ် တင်လိုက်ပြီး လက်သီးဆုပ်နဲ့ဖိပြီး အပေါ်မတင်ပါ။ ဒီလို ၅ ကြိမ် လုပ်ပါ။ ဒီလိုမျိုး ၃ ခါလောက် လုပ်ပြီးလို့မှ မရရင်တော့ အရေးပေါ် အမြန်ခေါ်ပါ။

          ကလေးတွေမှာ နင်တဲ့အကြောင်းအရင်း တစ်ဝက်လောက်က အစာနင်တာပါ။ သကြားလုံးတွေနဲ့ ငါးရိုးတွေ နင်တာ များပါတယ်။ အရုပ်တွေ နင်တာလည်း ရှိလာနေပါပြီ။

          မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးငယ်တွေက သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို စူးစမ်းလေ့လာနေပြီးတော့ တွေ့သမျှကို ပါးစပ်ထဲထည့်တတ်တဲ့အကျင့် ရှိတယ်ဆိုတာကို သတိထားရပါမယ်။ သူတို့လေးတွေရဲ့ လေပြွန်တွေကတော့ ကျဉ်းနေသေးတဲ့အတွက် အစာနင်တတ်ကြတာပါ။ ဒီတော့ ကလေးတွေ အစာစားချိန်မှာ အနားမှရှိနေပြီး သေချာကြည့်နေပေးပါ။ ဟင်းသီးဟင်းရွက်တွေကိုလည်း အတုံးသေးသေးလေးတွေ တုံးပေးပါ။ အရိုးတွေ ပါ၊ မပါ သေချာစစ်ပြီးမှ ကျွေးပါ။ သကြားလုံးတွေ၊ အခွံမာ အစေ့အဆံ့တွေကို ဘယ်တော့မှ မကျွေးပါနဲ့။ ကလေးတွေ ပါးစပ်ထဲ မထည့်နိုင်၊ မနင်နိုင်မယ့် အန္တ့ရာယ်ကင်းတဲ့ အရုပ်တွေနဲ့ပဲ ပေးဆော့ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)