ကလေး အစောကြီး နိုးနိုးနေသလား
ကလေးဟာ နေ့တိုင်း မနက် ၄/၅ နာရီလောက် နိုးနိုးနေတယ်ဆိုရင် ကလေးရော မေမေဖေဖေတို့အတွက်ပါ အဆင်မပြေလှပါဘူးနော်။ ညစာစားချိန်လောက်ရောက်ရင် အားလုံးက အိပ်ငိုက် စိတ်မကြည် ဖြစ်နေတော့မှာပါပဲ။
လူတွေရဲ့အလေ့အကျင့်တွေဟာ ကလေးဘဝမှာကတည်းက စတင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် ကျန်းမာကြံ့ခိုင်စေဖို့ ကလေးဘဝကတည်းက ကောင်းတဲ့အိပ်ချိန်အလေ့အကျင့်တွေ မွေးမြူထားဖို့ လိုပါတယ်။
အကောင်းဆုံးကတော့ အိပ်ချိန်တိတိကျကျထားပြီး အိပ်ခါနီးအလေ့အထတွေကိုလည်း တစ်သမတ်တည်းထားဖို့ပါပဲ။
ကလေးအသက်နဲ့လိုက်ပြီး ရှိသင့်တဲ့အိပ်ချိန်တွေကိုလည်း သိထားသင့်ပါတယ်နော်။
● မွေးကင်းစ (ဝ-၃ လ) : ၁၄-၁၇ နာရီ
● လသားကလေး (၄-၁၁ လ) : ၁၂-၁၅ နာရီ
● တွားသွားအရွယ် (၁-၂ နှစ်) : ၁၁-၁၄ နာရီ
● ကျောင်းမတက်မီအရွယ် (၃-၅ နှစ်) : ၁၀-၁၃ နာရီ
● ကျောင်းတက်အရွယ် (၆-၁၃ နှစ်) : ၉-၁၁ နာရီ
Ceelin Plus 1

ကလေးက သမ်းဝေတာ၊ အကြောဆန့်တာ စသဖြင့် အိပ်ချင်တဲ့ပုံပန်းပြတဲ့အထိ စောင့်မနေသင့်ပါဘူး။ ဒီလိုအချိန်ရောက်ရင် ကလေးဟာ အပန်းလွန်ပြီး သိပ်ဖို့ခက်သွားပါပြီ။ ဒီအစား အချိန်တစ်ခု ရောက်ပြီဆိုတာနဲ့ အိပ်ရာဝင်ခိုင်းပါ။
၁၅ မိနစ်လောက်စောပြီး အိပ်ရာဝင်ခိုင်းပါ။ တဖြည်းဖြည်းနဲ့ ဒီလို ၁၅ မိနစ်စီ တိုးတိုးသွားပါ။ ဒီလိုနဲ့ အိပ်တဲ့အချိန်ပမာဏ မျှတပြီး နိုးတဲ့အချိန်ကလည်း ကလေးအတွက်ရော အမေအတွက်ပါ အဆင်ပြေတဲ့အထိကို တိုးသွားပေးပါ။
ကလေးမှာ မကောင်းတဲ့အိပ်ချိန်အလေ့အထ ဖြစ်သွားပြီဆိုရင်တော့ မိဘတွေအနေနဲ့ ပြန်ပြင်တဲ့နေရာမှာ စိတ်ရှည်ဖို့လိုပါတယ်။ ဒီလိုပြုပြင်ချိန်ဟာ ၃ ပတ်လောက်ထိ ကြာနိုင်ပါတယ်။
>> တရေးတမောအိပ်ချိန်နဲ့ အိပ်ရာပတ်ဝန်းကျင်
တရေးတမောအိပ်ချိန်ဟာလည်း စုစုပေါင်းအိပ်ချိန်ထဲ ပါပါတယ်။ ကလေးက ညဘက်မှာ တော်ရုံအိပ်မပျော်ဘဲ မနက်ဘက်တွေမှာလည်း စောစောကြီး နိုးနိုးနေတယ်ဆိုရင်တော့ နေ့လယ်နေ့ခင်းအိပ်ချိန်ကို ၄၅ မိနစ်အောက်ကို လျှော့ပေးပါ။
Ceelin Plus 2

>> ကလေးရဲ့အိပ်ခန်းဟာလည်း အိပ်ဖို့အတွက်ပဲဖြစ်ပြီး ကစားတဲ့နေရာ မဖြစ်ပါစေနဲ့။
အိပ်ခါနီး လုပ်ရိုးလုပ်စဉ်တွေအနေနဲ့ ပုံပြင်ပြောပြတာ၊ သီချင်းဆိုပြတာ၊ မီးရောင်ဖျော့ထားတာ စတာတွေ လုပ်ပေးပါ။ ဒီလိုနဲ့ကလေးဟာ ဒါတွေလုပ်ပြီဆို အိပ်ရတော့မယ်ဆိုတာ သိလာမှာပါ။ တီဗီတွေ၊ ဖုန်းတွေကိုလည်း ၁ နာရီကြိုရပ်ပြီး အိပ်ရာနားမှာ ဒီပစ္စည်းတွေ မထားပါနဲ့။
ကျောင်းပိတ်ရက်တွေမှာလည်း ပုံမှန်အိပ်ချိန်ထက်ကို ၁ နာရီထက် ပိုနောက်မကျပါစေနဲ့။ အရမ်းနောက်ကျမှ အိပ်တဲ့အခါ ကိုယ်တွင်းနရီပျက်သွားပြီး ညအိပ်ပျော်ဖို့ ခက်ခဲသွားပါလိမ့်မယ်။
ကလေးတွေအတွက် အိပ်ချိန်၊ ထချိန်ကို ဖော်ပြမယ့် သံပတ်နာရီလေးတွေ ထားပေးပါ။ ဖုန်းကိုတော့ သံပတ်နာရီအဖြစ် မသုံးပါနဲ့။ ဘယ်သူမှမရှိတော့တဲ့အခါ ဆော့နေမှာစိုးလို့ပါ။ ကလေးကို ဒီအချိန်ရောက်ရင် အိပ်ရာက ထရမယ် စသဖြင့် သင်ပေးထားပါ။
>> ဖြစ်စေနိုင်တဲ့ အကြောင်းတရားများ
ကလေးတိုင်းက ကွာခြားနိုင်ပြီး အိပ်ချိန်တွေကလည်း မတူညီတတ်ကြပါဘူး။ ဒါပေမဲ့ ကလေးရဲ့အိပ်ချိန်နိုးချိန်တွေကို သေချာစိတ်ရှည်လက်ရှည် ပြောင်းလဲပြီးနောက် မပြောင်းလဲသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။
ဆရာဝန်အနေနဲ့ ကလေးက ညဘက်မှာ ဟောက်တာမျိုး ရှိ/မရှိ၊ အသက်ရှူတာအပြောင်းအလဲ ရှိ/မရှိ၊ မနက်ခင်းမှာ အရမ်းငိုက်နေပြီး ကျောင်းမှာ စာမလိုက်နိုင်တာမျိုး ရှိ/မရှိကို ကြည့်မှာပါ။ တချို့ကလေးတွေကို နားတွေ၊ နှာခေါင်းတွေ၊ လည်ချောင်းတွေ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ပါ လိုနိုင်ပါတယ်။
ကလေးတွေကို အိပ်ချိန်စနစ်တစ်ကျဖြစ်အောင် ပြန်လုပ်ရတာမလွယ်ပေမယ့် နောက်ကျသွားပြီဆိုတာတော့ မရှိပါဘူး။ ညဘက်ကို မှန်မှန်အိပ်၊ မနက်ကို မှန်မှန်ထစေခြင်းဖြင့် ကလေးအတွက် မှန်ကန်တဲ့အိပ်ချိန်ပုံစံကို ရစေပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)