/
news/ကလေးများနှင့်ကျန်းမာရေး/ကားမူးခြင်း

ကားမူးခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးတွေ မကြာခဏ ကားမူးတတ်ပါတယ်။ ဘာကြောင့်လဲ?

          ရွေ့လျားမှုကို လက်ခံတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ အတွင်းနား၊ မျက်လုံးနဲ့ ခြေလက်မှာရှိတဲ့ အာရုံကြောတွေကနေ ရှုပ်ထွေးတဲ့အချက်ပြမှုတွေကို ဦးနှောက်က လက်ခံရရှိတဲ့အခါ ကားမူး၊ လှိုင်းမူးတတ်ကြပါတယ်။ ပုံမှန်အခြေအနေမှာ ဒီ ၃ ခုလုံးဟာ ရွေ့လျားမှုတိုင်းကို တုံ့ပြန်နိုင်ပါတယ်။ ဒါပေမဲ့ လက်ခံရရှိတဲ့ အချက်ပြမှုနဲ့ ဦးနှောက်ကို ပေးပို့တဲ့အချက်ပြမှုတွေဟာ အလျင်အမြန် ရွေ့လျားနေတဲ့အခါ- ဥပမာ - ရုပ်ရှင် အမြန်ပြကွက်တွေကို ကြည့်တဲ့အခါ၊ မျက်လုံးက ရွေ့လျားမှုကို လက်ခံရပေမယ့် အတွင်းနားနဲ့ အဆစ်အမြစ်တွေက လက်မခံရတဲ့အခါ၊ ဦးနှောက်က လက်ခံရရှိတဲ့ အချက်အလက်တွေဟာ ရှုပ်ထွေးကုန်ပြီး ကားမူးသလိုမျိုး ဖြစ်လာပါတယ်။  ကလေးလေးတွေ ကားစီးတဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ ထိုင်ခုံမှာ ထိုင်တဲ့အခါ နိမ့်နေတဲ့အတွက် အပြင်ဘက်ကို မမြင်ရတဲ့အခါ အတွင်းနားက ရွေ့လျားမှုကို သိနေပေမယ့် မျက်လုံးနဲ့ အဆစ်အမြစ်တွေက မခံစားရတဲ့အတွက် ကားမူးတတ်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

          ကားမူးတဲ့အခါ ဗိုက်ထဲ မအီမလည်ဖြစ်လာပြီး ချွေးစေးတွေပြန်၊ နုံးချိပြီး အစားအသောက် ပျက်လာပါတယ်။ နောက်ပိုင်း အန်ထွက်သည်အထိ ဖြစ်တတ်ပါတယ်။ ကလေး သေးသေးလေးတွေဟာ ဗိုက်မအီမသာဖြစ်တာကို မဖော်ပြတတ်တဲ့အတွက် ဖြူဖျော့ပြီး ဂနာမငြိမ် ဖြစ်လာကာ သမ်းဝေပြီး ငိုလာပါလိမ့်မယ်။ နောက်မှာတော့ ကြိုက်တဲ့မုန့်တောင် မစားချင်တော့တာမျိုးနဲ့ အန်တာမျိုးတောင် ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ သက်သာလာပါလိမ့်မယ်။

 

>>    ဖြစ်ရတဲ့အကြောင်းရင်းများ

          ကလေးတချို့ဟာ ပုံမှန်ထက်ဘာကြောင့် ကားမူးတတ်သလဲ ဆိုတာကတော့ သေချာမသိရသေးပါဘူး။ ဒီလိုငယ်ဘဝမှာ ကားမူးတတ်တဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါ ခေါင်း မကြာခဏ ကိုက်တတ်တာကို တွေ့ရတဲ့အတွက် ကားမူးခြင်းဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ အကြိုလက္ခဏာများလား တွေးထင်စရာ ဖြစ်လာပါတယ်။

          ပထမဆုံး လှေစီး၊ လေယာဉ်စီးတဲ့အခါ ဖြစ်တတ်ပြီး လေကြမ်းရေကြမ်းတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုက ဖြစ်စေနိုင်သလို ပိုဆိုးစေနိုင်ပါတယ်။

 

>>    ဘာတွေလုပ်ပေးနိုင်မလဲ?

          ကားမူးတဲ့လက္ခဏာ စတင်ဖြစ်ပေါ်လာပါက အကောင်းဆုံးက လုပ်နေတဲ့ ဖြစ်စေတဲ့အရာကို ချက်ချင်း ရပ်တန့်လိုက်ပါ။ ကားစီးရင်းဖြစ်ရင် ကားကို ရပ်တန့်လိုက်ပြီး အပြင်ထွက် လမ်းလျှောက်စေပါ။ ကား အကြာကြီး စီးရမယ့်အချိန်မျိုးမှာ ကားကို မကြာမကြာ ခေတ္တခဏ ရပ်ရပ်ပေးပါ။ ဒန်းစီးရင်း၊ ချားစီးရင်းဖြစ်တယ်ဆိုရင် ချက်ချင်းရပ်ပြီး ကလေးကို ဆင်းခိုင်းပါ။

          ကားစီးရင်း မူးတာက အဖြစ်များတဲ့အတွက် -

●        ၃ နာရီအတွင်း ဘာမှမစားရသေးရင် ခရီးမစခင်မှာ ပေါ့ပေါ့ပါးပါး တစ်ခုခု ကျွေးပါ။ ဒါမှ ကားမူးခြင်းကို ပိုဆိုးစေမယ့် ဆာလောင်ခြင်းကို သက်သာစေနိုင်မှာပါ။

●        မအီမသာဖြစ်နေတာကို အာရုံပြောင်းပါ။ သီချင်းနားထောင်၊ သီချင်းဆို၊ စကားပြောပါ။ ဖုန်းတွေ၊ ဂိမ်းတွေ ဆော့နေမယ့်အစား အပြင်ကို ကြည့်ခိုင်းပါ။

●        ဘာနဲ့မှ အလုပ်မဖြစ်ရင် ကားကိုရပ်ပြီး ကလေးကို လှဲခိုင်းလိုက်ပါ။ နဖူးမှာ အဝတ်ရေစိုလေး ကပ်ပေးခြင်းဖြင့် လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

 

>>    ဆေး

          ကားမူးတတ်တဲ့ကလေးကို ခရီးသွားခါနီး ဆေးကြိုတိုက်လို့ ရပါတယ်။ ဒီဆေးတချို့ဟာ ဆရာဝန် ညွှန်ကြားချက်မပါဘဲ သောက်နိုင်ပေမယ့် သေချာအောင် ကလေးဆရာဝန်နဲ့ တိုင်ပင်တာ ပိုကောင်းပါတယ်။ ဒီဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ အိပ်ငိုက်ခြင်း၊ အာခြောက်ခြင်း၊ နှာခေါင်းခြောက်ခြင်း၊ မျက်လုံးဝါးခြင်းတွေ ဖြစ်နိုင်ပါတယ်။

 

>>    ကလေးဆရာဝန်ကို ဘယ်အချိန်မှာ ပြသင့်သလဲ?

          လှုပ်ရှားနေတာ မဟုတ်ဘဲနဲ့ ခေါင်းကိုက်ခြင်း၊ နားလေးခြင်း၊ အမြင် ဝေဝါးခြင်း၊ လမ်းလျှောက်ရ ခက်ခြင်း၊ စကား လုံးခြင်း သို့မဟုတ် တစ်နေရာကို စူးစိုက်ငေးကြည့်နေခြင်းတို့ ရှိပါက ကလေးဆရာဝန်နဲ့ တိုင်ပင်ပါ။ ကားမူးတာ မဟုတ်ဘဲ အခြားအကြောင်းရင်းတွေ ဖြစ်နေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)