/
news/ကလေးများနှင့်ကျန်းမာရေး/ကိုက်တတ်တဲ့-ကလေးလေးလား

ကိုက်တတ်တဲ့ ကလေးလေးလား

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးက ကလေးထိန်းကျောင်း ဒါမှမဟုတ် မူကြိုမှာ တခြားကလေးကို ကိုက်လိုက်တာ ဆိုတာမျိုးကို ကြုံဖူး၊ ကြားဖူးကြပါလိမ့်မယ်။ ဒီလိုကြုံတွေ့ရတဲ့အခါ မိဘတွေအနေနဲ့ ရှက်တာ၊ စိတ်ပူတာတွေ ဖြစ်ကြမှာပါ။ ဒါပေမဲ့ ကလေးငယ်လေးတွေရဲ့ 50% လောက်က ကိုက်တတ်ကြပါတယ်တဲ့။ အသက် ၃ နှစ်ကျော်ရင်တော့ အဲ့ဒီအကျင့်က ပျောက်သွားတတ်ပါတယ်။ ဒါဆိုရင် ကလေးငယ်လေးတွေဟာ ဘာလို့ကိုက်ကြလဲ၊ ဘာတွေလုပ်ပေးလို့ရမလဲ။

Ceelin Plus 1

>>  ကလေးက ကိုက်ပြီဆိုရင်
1.  ဘယ်မှာကိုက်တာလဲ၊ အိမ်၊ မူကြို၊ ကစားကွင်း ဘယ်မှာလဲ။
2.  ဘယ်သူ့ကို ကိုက်လေ့ရှိတာလဲ၊ ဒီကလေး တစ်ယောက်ကိုပဲ ကိုက်နေတာလား၊ ဒါမှမဟုတ် တစ်ခါနဲ့တစ်ခါ ကလေး မတူဘူးလား၊ ဆရာမလား၊ အမေလား။
3.  ဘယ်အချိန်မှာ ကိုက်တာလဲ၊ ကိုက်နေကျ အချိန်ရှိလား၊ အဲဒီအချိန်မှာ ကလေးက ဗိုက်ဆာနေလား၊ ပင်ပန်းနေလား။
4.  ကလေးက သွားပေါက်နေတဲ့ အချိန်လား၊ ပါးစပ်ထဲ အရုပ်တွေ ထည့်လေ့ရှိလား။ (ကလေးတွေက အသက် ၁ နှစ်ခွဲလောက်မှာ သူတို့ရဲ့ခံတွင်းမှာ အာရုံလှုံ့ဆော်မှု လိုအပ်လို့ပါ)

>>  အပေါ်က ပြောတာတွေကို သိရပြီဆိုရင် ကလေးက မကိုက်ခင်မှာ ဘာတွေဖြစ်ခဲ့လဲ သိဖို့လိုပါတယ်
1.  ကလေးကို တစ်ခုခု မလုပ်ဖို့ တားမိလား
2.  ကလေးဆီက အရုပ်လုခံရတာမျိုး ရှိလား
3.  တခြားကလေးဆီက အရုပ်ကို လိုချင်တာမျိုးရှိလား
4.  နောက်ဆုံးမှာ ကိုက်ပြီးတော့ ဘာဆက်ဖြစ်လဲ
5.  သူ လိုချင်တဲ့အရုပ်ကို ရသွားလား
6.  သူ မလုပ်ချင်တာကို မလုပ်ဘဲနေလို့ ရသွားလား
7.  ကလေးကိုက်တာကို အရမ်းအာရုံစိုက်မိနေတာလား (အော်မိတာမျိုး၊ တစ်ခုခု အပြစ်ပေးတာမျိုး)

Ceelin Plus 2

သိထားရမှာက ကလေးလေးတွေအဖို့ ကိုက်တယ်ဆိုတာက သူတို့လိုချင်တာကို ပြောတဲ့နည်းတစ်မျိုးပါ။ သူ့နား အရမ်းမကပ်နဲ့၊ အဲ့အရုပ် လိုချင်တယ်၊ သူ့အရုပ်ပြန်ပေး စတာမျိုးတွေပေါ့ ... ဆိုတော့ လူကြီးတွေအနေနဲ့ ကိုက်ပြီးတော့ တောင်းဆိုတာကို မလုပ်သင့်ကြောင်း သင်ပေးရပါမယ်။
ပထမဆုံး ကလေးက ဆော့နေရင်းနဲ့ ကျေးဇူးပြုပြီး စတာပြောရင်၊ အလှည့်နဲ့ ပေးဆော့ရင်၊ သူ့အရုပ်ကို သူများလုရင် ဆရာမကို အကူအညီတောင်းရင် ချီးကျူးပေးပါ။ ကိုက်တာထက်စာရင် ဒီလိုအပြုအမူတွေက အာရုံပိုစိုက်ခံရကြောင်း ပြောပေးပါ။
နောက်တစ်ခုက ကိုက်တဲ့ကလေးကို အပြစ်ပေးတာမျိုး မလုပ်ပါနဲ့။ တတ်နိုင်သလောက် အာရုံမစိုက်ပါနဲ့။ ကလေးနှစ်ယောက်ကို မြန်မြန်ခွာထုတ်ပေးပြီး မကိုက်ရဘူး၊ ကိုက်ရင် နာတတ်တယ်လို့ ပြောပေးပါ။ အကိုက်ခံရတဲ့ကလေးကို အာရုံစိုက်ပေးပါ။
နောက်ပြီးတော့မှ ကိုက်မယ့်အစား အလှည့်ပေးပါ၊ တူတူပေးဆော့ပါ အဲလိုကောင်းကောင်းပြောရမယ် ဆိုပြီး ပြောပြပါ။
အရုပ်လေးတွေနဲ့ ကလေးကိုက်နေကျ အဖြစ်အပျက်လေးကို ဖန်တီးပြီး အဲလိုအချိန်မှာ လုပ်လို့ရတာလေးတွေကို ဆော့ပြပါ။
ကလေးတွေက အမြင်နဲ့ သင်ယူတာ အားကောင်းတာမို့ သွားရဲ့အရေးပါပုံ၊ သွားကို ဘာအတွက်သုံးတာ ဆိုတာကို ရုပ်ပုံလေးတွေ၊ video လေးတွေနဲ့ သင်ပေးပါ။ သွားက အစားအစာ ဝါးဖို့ ဖြစ်တယ်၊ ပြုံးရယ်ဖို့ ဖြစ်တယ်၊ နာကျင်အောင် လုပ်ဖို့မဟုတ်ဘူး စတာတွေပေါ့။

Dr. Htar (www.drmyanmar.com)