ကိုဗစ်ကာလမှာ သားသားမီးမီးလေးတွေကို မေမေတို့ ဘယ်လိုစောင့်ရှောက်ကြမလဲ
ရင်သွေးလေးများ ပိုင်ဆိုင်ကြတဲ့ မိဘတွေအနေနှင့် ကလေးတွေ နေကောင်းကျန်းမာအောင် စနစ်တကျ ပြုစုစောင့်ရှောက်ကြရပါတယ်။ အခုလို ကိုဗစ်ကာလမှာဆိုရင်တော့ မိဘတွေအတွက် ပိုပြီးစိုးရိမ်တကြီး ဂရုစိုက်ရမယ့်အချိန် ဖြစ်ပါတယ်။
ဒီဆောင်းပါးလေးမှာတော့ ရင်သွေးလေးတွေကို ကိုဗစ်ကာလမှာ နည်းလမ်းမှန်ကန်စွာ စောင့်ရှောက်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကိုဗစ်ကြောင့် ကမ္ဘာကြီးပေါ်မှာ ဘာတွေပြောင်းလဲနေလဲဆိုတာကို ရှင်းလင်းအောင် ပြောပြပေးပါ။
(၂) ကလေးတွေအရှေ့မှာ အလွန်အမင်း စိတ်ဓာတ်ကျနေတာမျိုး၊ ကြောက်လန့်နေတာမျိုး မပြုလုပ်ပါနှင့်။
(၃) ကိုဗစ်နှင့် ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံပြောတာမျိုး မပြုလုပ်ပါနှင့်။
(၄) ကလေးတွေကို လက်ဆေးခြင်း၊ mask တပ်ခြင်းနှင့် social distancing နည်းတွေကို လိုက်နာပြီး မကူးစက်စေဖို့ ကာကွယ်နိုင်ကြောင်း သင်ကြားပေးနိုင်ပါတယ်။
(၅) မိမိမှာ ရောဂါကူးစက်ခံရပြီဆိုရင် ဆိုးရွားတဲ့လက္ခဏာတွေ မဖြစ်ရင်တောင်မှ သက်ကြီးရွယ်အိုတွေကို ပြန်လည်ကူးစက်စေနိုင်တဲ့အတွက် ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ သင်ပေးနိုင်ပါတယ်။
(၆) သားသားမီးမီးလေးတွေအနေနှင့် အာဟာရပြည့်ဝသော အစာတွေကို ပုံမှန်စားခြင်း၊ အိပ်ရေး၀၀ အိပ်စက်ခြင်းဖြင့် ကိုယ်ခံအားကိုမြှင့်တင်နိုင်ကြောင်း ရှင်းပြပေးပါ။
>> ဖေဖေမေမေတို့အနေနှင့်ကော ဘာတွေလိုက်နာဆောင်ရွက်သင့်လဲ?
● ကိုယ်ပိုင်အချိန်ထားရှိပြီး စိတ်ရောကိုယ်ပါ အနားယူခြင်းဖြင့် စိတ်ဖိစီးမှုတွေ သက်သာစေနိုင်သလို ကိုယ်ခံအားကိုလည်း မြင့်တက်စေမှာပါ။
● လူတိုင်းဟာ Perfect မဖြစ်နိုင်တာကို သိရှိပြီး အလွန်အမင်း ထိတ်လန့်နေခြင်းနှင့် မိသားစုကို အပြည့်အဝ မကာကွယ်နိုင်မှာမို့ သောကများတာမျိုး ရှောင်ကြဉ်ပါ။
● သူတစ်ပါးအား အားပေးကူညီခြင်း၊ လိုအပ်တဲ့နေရာများတွင် လှူဒါန်းခြင်းစတဲ့ ကောင်းသောအရာတွေ ပြုလုပ်ခြင်းဖြင့်လည်း သင့်ရဲ့ စိတ်နှင့်ကိုယ်ကို ပျော်ရွှင်ကျန်းမာစေမှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























