ကောင်းကောင်း မအိပ်တဲ့ကလေးတွေ အဆော့သန်ကြသတဲ့
သားသားလေးဟာ အခုတလော အရမ်းဂျီကျလာပါတယ်။ အစားကောင်းကောင်း မစားတော့ဘူး၊ မနက်အစောကြီး နိုးနေပြီး အော်ငိုနေပါတယ်။
အိမ်မှာ ကျောင်းမှာ ပြဿနာမျိုးစုံရှာပြီး မေမေ ချော့လို့ကို မရနိုင် ဖြစ်လာပါတယ်။ ပုံမှန်မဟုတ်တဲ့ အခြေအနေမှာ လှုပ်ရှားသွက်လက်လွန်ရောဂါများ ဖြစ်နေသလားဆိုပြီး ဆရာ၀န်နဲ့ သေချာတိုင်ပင် ကြည့်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မျက်လုံးအောက်မှာ အမည်းကွင်းတွေ ပေါ်လာပြီး အဓိက ပြဿနာက အိပ်ရေးမဝတာကြောင့် ဖြစ်နေတာကို တွေ့ခဲ့ကြပါတယ်။
အိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးတဲ့အခါ သားသားရဲ့ အိပ်စက်မှုမှာ ပုံမှန်မဟုတ်ဘဲ အိပ်ရေးဝဝအိပ်တဲ့အဆင့်ကို မရောက်ဘဲ သွေးတွင်း အောက်ဆီဂျင်ပမာဏကလည်း သိပ်လျော့နည်းနေတာကို တွေ့ခဲ့ရပါတယ်။
နောက်ဆုံးမှာ သားသားရဲ့ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေတဲ့ အာသီးတွေကို ဖယ်ရှား ခွဲစိတ်ခဲ့ကြပါတယ်။ ခွဲစိတ်ပြီး အသက်ရှူလမ်းကြောင်း ပွင့်သွားတဲ့အခါ ခါတိုင်းလို အိပ်နေရင်း အသက်ရှူမရတာ မဖြစ်တော့ပါဘူး။
အခုချိန်မှာ -
● ကောင်းကောင်း အိပ်တယ်။
● အစား စားတယ်။
● ဂျီသိပ်မကျတော့ဘူး။
● အာရုံစူးစိုက်မှု ပိုကောင်းလာတယ်။
● ကျောင်းစာလည်း ကျက်တယ်
● အဆင့်တွေလည်း တက်လာပါတယ်။
ADHD လို့ခေါ်တဲ့ သိပ်လှုပ်ရှားသွက်လက်လွန်းပြီး ဘာကိုမှ ကောင်းကောင်း အာရုံမစိုက်နိုင်တဲ့ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ရောဂါဟာ ကောင်းကောင်းမအိပ်နိုင်လို့ ဖြစ်နေတတ်ပါသေးသတဲ့။
ကလေးတွေ အိပ်နေစဉ် ရုတ်တရက် အသက်ရှူရပ်သွားတဲ့အခါ ကလေးကို ကောင်းကောင်း အိပ်ရေးမဝဖြစ်စေပြီး လှုပ်ရှားသွက်လက်လွန်ရောဂါလို့ အထင်မှားစေနိုင်ပါတယ်။
>> အိပ်ရေးမဝတဲ့ သားသားမီးမီးလေး တစ်ယောက်က -
● အလွန်အကျွံ ဂျီကျမယ်။
● သေးသေးဖွဲဖွဲလေးကစ ပြဿနာလုပ်မယ်။
● ခဏလေးနဲ့ စိတ်ဆိုး ဒေါသထွက်မယ်။
● ကျောင်းမှာလည်း ဘယ်သူနဲ့မှ တည့်ဘူး။
● ညအိပ်လဲ သွားကျိတ်မယ်။
ဒီတော့ လှုပ်ရှားသွက်လက်လွန်ကဲရောဂါ ဂျီကျလွန်နေတာတွေ ရှိခဲ့မယ်ဆိုရင် အရင်ဆုံး သူလေးတွေ ကောင်းကောင်း အိပ်၊ မအိပ် ဆန်းစစ်ကြည့်ပါ။ ကောင်းစွာအိပ်စက်ခြင်းမရှိတဲ့ ကလေးဟာ အာရုံစူးစိုက်မှုတွေပါ လျော့နည်းလာမှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























