ကျန်းမာပျော်ရွှင်တဲ့ ကလေးငယ်ဖြစ်ဖို့ မေမေတို့ ဆောင်ရန် ရှောင်ရန်များ
၁။ ဆေးတိုက်တော့မယ်ဆိုရင်
ကလေးတွေအတွက် ထုတ်ထားတဲ့ဆေးတွေက သပ်သပ်ရှိပါတယ်။ လူကြီး တစ်လုံး၊ ကလေး တစ်ခြမ်း လုပ်လို့မရပါဘူး။ ဆေးကို ကလေးရဲ့ အလေးချိန် (သို့) အသက်အရွယ်ပေါ် မူတည်ပြီး တိုက်ရမှာ ဖြစ်တဲ့အတွက် ဆရာ၀န် ညွှန်ကြားထားတဲ့အတိုင်း တိုက်ဖို့ အရေးကြီးပါတယ်။ ဆရာ၀န်နဲ့ လက်လှမ်းမမီတဲ့နေရာမှာ ရောက်နေပါက ဆေးဘူးပါအညွှန်းကို သေချာဖတ်ပါ။ အချို့သော အိမ်သုံးဆေးဝါးတွေက ကလေးအတွက် အန္တရာယ် ရှိနိုင်တာကြောင့် အကောင်းဆုံးကတော့ ကလေးငယ်ကို ဆေးတစ်ခုခု တိုက်မယ်ဆိုတိုင်း ဆရာ၀န်နှင့် တိုင်ပင်ပါ။
၂။ ဆေးလိပ်အန္တရာယ်
ဆေးလိပ်သောက်တဲ့လူတွေနဲ့ အတူနေရတဲ့ ကလေးငယ်ဟာ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရခြင်းကြောင့် ပြင်းထန်ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါတင်မပြီးသေးပါဘူး။ ဆေးလိပ်ငွေ့တွေဟာ အ၀တ်အစား၊ ကြမ်းပြင်၊ ဆံပင်နဲ့ ပရိဘောဂပစ္စည်းတွေမှာ ကပ်ငြိနေတာကြောင့် အိမ်ထဲမှာ ဆေးလိပ်သောက်ခြင်းကို လုံး၀တားမြစ်ထားပါတယ်။
၃။ သန့်ရှင်းမှုကို မမေ့စေလို
သန့်ရှင်းမှုသာ ဆေးတစ်လက်ဆိုရင် အမြဲဆောင်ထားရမယ့် ဆေးတစ်လက်လို့သာ ဆိုချင်ပါတယ်။ သန့်သန့်ရှင်းရှင်း နေခြင်းဟာ ကျွနု်ပ်တို့ အပါအ၀င် ပတ်၀န်းကျင်မှာရှိတဲ့ လူတွေအားလုံး ဖျားနာမှု ကင်းေ၀းနိုင်အောင် ကာကွယ်ပေးနိုင်တဲ့ ထိရောက်တဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အညစ်အကြေးတွေ ကိုင်တွယ်ပြီးတိုင်း၊ အိမ်သာ တက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးတဲ့အကျင့်ကို လုပ်ပေးထားပါ။
၄။ နေရောင်ခြည်အန္တရာယ်
နုနယ်တဲ့ ကလေးအသားအရေ နေလောင်မခံရလေအောင် နေပူထဲထွက်မယ်ဆိုတိုင်း ထီး၊ ဦးထုပ် စတာတွေ ဆောင်းပေးပါ။ SPF30 နှင့်အထက် ပါ၀င်တဲ့ နေရောင်ကာခရင်မ် လိမ်းပေးပါ။ (ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ နေရောင်ကာခရင်မ်တွေ ရှိပါတယ်။) အရိပ်ရတဲ့နေရာမှာသာ ဆော့ကစားခိုင်းပါး။ အဆင်ပြေမယ်ဆို နေကာမျက်မှန် တပ်ပေးပါ။ တစ်ခု သတိပြုရမှာက အဖျားကွေး နေကာမျက်မှန် (Wraparound Sunglasses) မျိုးက နေရောင်ကို အပြည့်အ၀ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
၅။ ကျန်းမာတဲ့သွားတွေ ပိုင်ဆိုင်စေဖို့
တစ်နေ့ ၂ ကြိမ် သွားတိုက်တတ်အောင် ကလေးငယ်ကို အကျင့်လုပ်ပေးထားပါ။ ငယ်ငယ်ကတည်းက အကျင့်လုပ်ထားပေးမှသာ လှပကျန်းမာတဲ့ သွားနဲ့ခံတွင်းကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ ၁ နှစ်ခွဲအရွယ်က ဖလိုရိုက် ပါ၀င်မှုနည်းတဲ့ သွားတိုက်ဆေး စားတော်ပဲပြုတ်ခန့် ပမာဏနဲ့ သွားတိုက်ပေးပါ။ ၁ နှစ်ခွဲ မပြည့်သေးတဲ့ ကလေးငယ်တွေအတွက်ကတော့ ရေစွတ်ထားတဲ့ သွားပွတ်တံနဲ့ သန့်ရှင်းရေး လုပ်ပေးရင် လုံလောက်ပါတယ်။
၆။ ကာကွယ်ဆေး ထိုးရအောင်
၀က်သက်၊ ဆုံဆို့ကြက်ညှာ စတဲ့ ရောဂါဆိုးတွေကနေ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာက ထိုးနှံသင့်တဲ့ ကာကွယ်ဆေးတွေ ထိုးထားခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသား ကာကွယ်ဆေး အစီအစဉ်အရ အသက်အရွယ်အလိုက် ထိုးရမယ့် ကာကွယ်ဆေးတွေကို ဆေးရုံ၊ ဒေသန္တရ ကျန်းမာရေးဌာန၊ ကျေးလက်သူနာပြု သားဖွားဆရာမတွေကတစ်ဆင့် ထိုးပေးနေတာကြောင့် ကလေးတွေကို မမေ့မလျော့ ကာကွယ်ဆေးထိုးဖို့ မိဘတွေကို တိုက်တွန်းချင်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)
(Unicode)
၂။ ဆေးလိပျအန်တရာယျ
Dr. Htet Htet Aung (www.drmyanmar.com)






























