ကျောပိုးအိတ်ကို ပုံစံတကျ လွယ်ကြမယ်
လေးလံလွန်းတဲ့ ကျောပိုးအိတ်တွေဟာ ကျောရိုးတွေကို ဒဏ်ဖြစ်စေပါတယ်။ အထူးသဖြင့် ကလေးတွေဟာ ပုံစံကျအောင် မလွယ်တတ်တဲ့အတွက် ပခုံးနဲ့ ခါးနာခြင်းကို ခံစားကြရတတ်ပါတယ်။
ကျောပိုးအိတ်ဟာ အလေးချိန်ကို ညီညီမျှမျှ သယ်ဆောင်နိုင်ခြင်းနဲ့ ကျောရိုးကို အထောက်အပံ့ ပေးနိုင်ခြင်းတို့ကြောင့် ဘေးလွယ်အိတ်၊ လက်ဆွဲအိတ်တို့ထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ ကျောပိုးအိတ် အလေးချိန်ဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းထက် မပိုသင့်ပါဘူး။ ပိုသွားတဲ့အခါမှာ ကလေးကို နောက်လှန်ချသလို ဖြစ်နေပါလိမ့်မယ်။ အဲဒီအခါ ကလေးက ရှေ့ကိုကိုင်းလွယ်ရပြီး ကျောရိုးနဲ့ တင်ပါးရိုးတို့ကို ပုံစံမမှန်ဖြစ်စေပါတယ်။ ကျောပိုးအိတ်ကို ပခုံးတစ်ဖက်တည်းမှာပဲ လွယ်ခြင်းကလည်း ခန္ဓာကိုယ်ဟန်ချက် ပျက်စေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။
>> မှန်မှန်ကန်ကန်နဲ့ ပုံစံတကျလွယ်နည်း
(၁) ကျောပိုးအိတ်ထဲကို အပိုပစ္စည်းတွေ မထည့်ခိုင်းပါနဲ့။ တကယ် အသုံးလိုသလောက်ပဲ ထည့်ခိုင်းပါ။
(၂) အလေးချိန် ညီမျှစေရန် ပခုံးနှစ်ဖက်လုံးနဲ့ လွယ်ခိုင်းပါ။ (အကန့်များများပါတဲ့အိတ်က အလေးချိန်ကို ပိုပြီးညီမျှစေပါတယ်)
(၃) ပခုံးမနာစေရန် ကြိုးမှာ ရေမြှပ်ကဲ့သို့ အထောက်အခံပါတဲ့ ကျောပိုးအိတ်ကို သုံးပါ။
(၄) ကလေးရဲ့ ကျောရိုး၊ပခုံးနဲ့ လက်မောင်းတို့ ထုံကျဉ်ပြီး နာလာခဲ့ရင် ကျောပိုးအိတ်ကြောင့် ဖြစ်နိုင်တာကို သတိပြုပါ။
(၅) ဘီးပါတဲ့လက်ဆွဲအိတ်တွေကို ဆွဲတဲ့အခါ ကိုယ်ခန္ဓာကို မတ်အောင်ထားပြီး ဆွဲပါစေ။
(၆) ကျောပိုးအိတ်ကို လွယ်ရန် မ,တဲ့အခါ ဒူးကိုကွေးပြီးမှ လက်နှစ်ဖက်လုံးနဲ့ မ,ရန် သင်ပေးပါ။
ဒီအချက်တွေဟာ ကလေးတွေရဲ့ အရိုးအဆစ် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတာကြောင့် မပေါ့ဆသင့်ပါဘူး။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)






























