ကျွန်မကလေးမှာ ပန်းနာရင်ကြပ်ရှိနေလား ဘယ်လိုသိနိုင်မလဲ ဆရာ
ပန်းနာရင်ကြပ်ဖြစ်နေသောလူများရဲ့ ၉၀ ရာနှုန်းဟာ ငယ်ရွယ်စဉ်ကပင် ရောဂါရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ ကလေးတွေဟာ ငယ်ရွယ်သေးတာမို့ သူတို့ခံစားနေရတာကို ထုတ်ပြောနိုင်ခြင်း မရှိပါဘူး။ဒီအတွက် မေမေတို့ကပဲ ကလေးတွေကို အောက်ပါလက္ခဏာများ ရှိ၊ မရှိ အနီးကပ်လေ့လာပေးဖို့ လိုပါတယ်။
● ချောင်းဆိုးခြင်း - ချောင်း အဆက်မပြတ်ဆိုးခြင်း အထူးသဖြင့် ညဘက်ပိုဆိုးခြင်းရှိလား စောင့်ကြည့်ပါ။
● အသက်ရှူထုတ်ရင် တရွီရွီမြည်နေခြင်း - ကလေးဟာ အသက်ရှူတိုင်း တရွီရွီမြည်သံ ထွက်နေပါက ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။
● ရင်ဘတ်အောင့်ခြင်း - ကလေးလှုပ်ရှားမှုပြုတိုင်း ရင်ဘတ်အောင့်တယ်လို့ ပြောသလား စောင့်ကြည့်ပါ။
● မောပန်းခြင်း - ကလေးဟာ နည်းနည်းလှုပ်ရှားလိုက်တာနဲ့ မောပန်းလွယ်သလား။ ကစားနေစဉ် မကြာခဏ နားနေရသလား စောင့်ကြည့်ပေးပါ။
● ညဘက် မကြာခဏနိုးခြင်း - ညဘက်တွင် ချောင်းဆိုးရသဖြင့် မကြာခဏနိုးခြင်း၊ အိပ်ပျော်နေစဉ် တရွီရွီမြည်သံများ ကြားခြင်းတို့ ရှိနိုင်ပါတယ်။
● အသက်ရှူမဝခြင်း၊ အသက်ရှူမြန်ခြင်း - ကစားနေစဉ် မောလာခြင်း၊ အသက်ရှူမဝခြင်းများ ရှိပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
● လသားအရွယ်ကလေးများတွင် အစာကျွေးလို့မရခြင်း၊ ညည်းသံကြားခြင်းရှိပါက မပေါ့ဆဘဲ ကလေးဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
● မျိုးရိုးရှိခြင်း - မိဘနှင့်မျိုးရိုးများတွင် ပန်းနာရင်ကြပ်ရောဂါရှိပါက ကလေးငယ်တွင်လည်း ဖြစ်နိုင်ချေ များပြားပါတယ်။
● နှင်းခူနဲ့ အရေပြား ဓာတ်မတည့်ရောဂါများရှိခြင်း
အထက်ပါအရေပြားရောဂါများရှိပါက ပန်းနာရင်ကြပ်ရောဂါဖြစ်နိုင်ချေ များပြားပါတယ်။
မေမေတို့အနေဖြင့် မိမိတို့ရဲ့ သားသားမီးမီးတွေမှာ အထက်ပါလက္ခဏာများရှိနေပါက တုံ့နှေးခြင်းမရှိဘဲ ကလေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကလေးကို နွေးထွေးစွာထားခြင်း၊ ခွေးကြောင်များနဲ့ ဝေးအောင်ထားခြင်း၊ အမွေးတိုင်၊ ခြင်ဆေးငွေ့ စသည်တို့နဲ့ ဝေးဝေးမှာနေခြင်း၊ ဖုန်ထူသောနေရာနှင့် လူစုလူဝေးရှိသောနေရာများကို ရှောင်ခြင်း စသည်တို့ကို လိုက်နာပြီး ကိုယ်ခံအားကောင်းမွန်အောင် ကျွေးမွေးပြုစုဖို့လည်း မမေ့ကြနဲ့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























