/
news/ကလေးများနှင့်ကျန်းမာရေး/ကျွန်မသမီးငယ်မှာ-ဆီးချိုရှိနေမှန်း-မသိခဲ့လို့ပါ

ကျွန်မသမီးငယ်မှာ ဆီးချိုရှိနေမှန်း မသိခဲ့လို့ပါ

Category
ကလေးများနှင့်ကျန်းမာရေး

          ဆီးချိုဆိုတာ လူကြီးတွေတင် ဖြစ်တဲ့ရောဂါလို့ ထင်ရင်တော့ တက်တက်စင်အောင် လွဲပါလိမ့်မယ်။ နှစ်နှစ်အရွယ် သမီးငယ်မှာ ဆီးချိုရောဂါ ခံစားနေရမှန်းမသိခဲ့လို့ ကုသမှုမပေးခဲ့လို့ သမီးလေးကို လက်လွတ်ဆုံးရှုံးသွားရတဲ့ မိခင်တစ်ယောက်ရဲ့ သောကတွေကို မျှဝေခံစားကြည့်ကြရအောင်။

          မိခင်ဟာ သမီးငယ်ကို ဖခင်ရဲ့အိမ်ကို ခဏပို့ထားပြီး ပြန်အခေါ်မှာ ဖြစ်ခဲ့တာပါ။

          နွမ်းနယ်နေတဲ့ ကလေးထိန်းက ပြန်သွားခဲ့ပြီးနောက် မေမေက ကလေးထိန်းနာနီကို သူ့သမီးလေး အသက်ရော ရှိသေးရဲ့လားလို့တောင် လှမ်းစခဲ့ပါသေးတယ်။ သူ့အဖေအိမ်မှာ အရမ်းဆော့နေမှာ အသေအချာပဲလေ။ မိခင်ဟာ အိပ်ပျော်နေပုံရတဲ့ သမီးငယ်ရဲ့ရင်ဘတ်ပေါ်ကို လက်ကလေး တင်လိုက်ပါတယ်။ ကလေးအိပ်နေတဲ့ပုံစံက မူမှန်မဟုတ်ဘဲ ပျော့ဖတ်နေပါ့လား။ သူမရဲ့ နှစ်နှစ်သမီးလေးမှာ အသက်ရှင်နေတဲ့ လက္ခဏာ လုံးဝမရှိတော့ပါဘူး။

          အထိတ်တလန့် သွေးရူးသွေးတန်းနဲ့ သမီးကိုပွေ့ကာ အော်ဟစ် အကူအညီတောင်းပါတော့တယ်။ သူမဟာ သမီးငယ်ကို ကားပေါ်တင်လိုက်ပြီး ရင်ဘတ်ပေါ်ကို လက်တင်ကာ နှလုံးနိုးဖို့ ကြိုးစားခဲ့ပါသေးတယ်။

          အရေးပေါ်ဌာနကလူတွေ ရောက်လာပြီ။ ဆရာဝန်တွေ၊ ဆရာမတွေ အကုန်ရောက်လာပြီ၊ ကလေးကို အရေးပေါ်ကားပေါ်တင်ပြီး အမြန်ဆုံးနှုန်းနဲ့ ဆေးရုံကို မောင်းပါတော့တယ်။ ကယောင်ချောက်ချား ဖြစ်နေတဲ့မိခင်ဟာ ခေါင်းထဲမှာ အတွေးတွေအပြည့်။ နောက်ဆုံးအကြိမ် သူမ သမီးကိုတွေ့တုန်းက သမီးငယ်က သူမကို အလုပ်မသွားဖို့ ဇွတ်ဂျီကျနေခဲ့တာ မြင်ယောင်နေမိပြီး ရင်ထဲမှာ တဆစ်ဆစ်နာလာတယ်။

          " ငါ့သမီးလေး ဆုံးသွားရင် ငါ ဘယ်လိုအသက်ရှင်ရမလဲ ... သူ သေမှာလား ... "

          ဆေးရုံအရောက် ဆယ်မိနစ်ကြာပြီးနောက်မှာ သနားစရာမိခင်ဟာ အရုပ်ကြိုးပြတ်ထိုင်နေရင်း သူ့ကလေး ဆုံးသွားပြီဖြစ်ကြောင်း အသက်မကယ်နိုင်လိုက်ကြောင်း ပြောနေတဲ့ ဆရာဝန်ရဲ့စကားကို တုန်တုန်ရင်ရင်နဲ့ နားထောင်နေပါတယ်။

          နောက်ထပ်နာရီဝက် တစ်နာရီအတွင်းမှာပဲ ဆရာဝန်တွေက ဆုံးပါးသွားတဲ့ကလေးငယ်မှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိနေကြောင်း၊ ဆီးချို အလွန်အမင်းတက်သွားရင် ကလေးငယ်ဟာ ရုတ်တရက် သတိလစ်မေ့မျောပြီး အသက်သေဆုံးမှုထိ ဖြစ်သွားတတ်ကြောင်း ရှင်းပြခဲ့ကြပါတယ်။

          ဒီသမီးလေးမှာ ဆီးချိုရှိနေမှန်း မိခင်အပါအဝင် မိသားစုက လုံးဝမသိခဲ့လို့ ကုသမှုဆိုတာ ဝေးရောပါ။ ကုသမှုမရတဲ့ ဆီးချိုရောဂါဟာ တက်ချင်တိုင်း ဆောင့်တက်နေပြီး နောက်ဆုံး ကံဆိုးမိုးမှောင်ကျတဲ့ အခြေအနေတစ်ရပ်ကို ရင်ဆိုင်သွားရပြီး လောကကြီးကို အရှုံးပေး ထွက်ခွာသွားရရှာပါတယ်။

          ဒါကြောင့် သားသားမီးမီးလေးတွေကို အမျိုးအစား ၁ ဆီးချိုရောဂါ ရှိ၊ မရှိ ကြီးထွားစဉ်ကာလမှာ စစ်ဆေးထားကြပါ။

          ချစ်စရာ့အရွယ်တွေမှာ အခုလို ရုတ်တရက် ဇီဝိန်ချွေသွားနိုင်တဲ့ အမျိုးအစား ၁ ဆီးချိုရောဂါရဲ့ လက္ခဏာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

●        ကလေးက မကြာခဏရေငတ်ခြင်း

●        ဆီးခဏခဏ သွားခြင်း၊ ဘယ်လောက်ကျွေးကျွေး ပိန်လာခြင်း

●        ကလေးက အမြဲနုံးချိနေခြင်း

●        မျက်စိမှုန်လာခြင်း

●        ခဏခဏ ဖျားတတ်ခြင်း

●        ပွေးနဲ့ မှို အရေပြားရောဂါများ ခဏခဏဖြစ်ခြင်းတို့ ဖြစ်ပါတယ်။

          ဒါကြောင့် အနောက်နိုင်ငံတွေမှာ ဒီလိုကြေကွဲစရာတွေ ကြုံနေရပြီး မြန်မာပြည်မှာလည်း မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ ဖော်ပြပါလက္ခဏာတွေ ရှိတဲ့အခါ ရင်သွေးလေးတွေကို ဆီးချို ရှိ၊ မရှိ စစ်ဆေးကြပါလို့ အကြံပြုပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)