/
news/ကလေးများနှင့်ကျန်းမာရေး/ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်-သားသားမီးမီးလေးတွေမှာ-ကြွက်သားတွေ-နာကျင်ခြင်း

ကြီးထွားဖွံ့ဖြိုးတဲ့အရွယ် သားသားမီးမီးလေးတွေမှာ ကြွက်သားတွေ နာကျင်ခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

ညဘက်တွေမှာ ကလေးဟာ ခြေထောက်ကိုက်လို့ဆိုပြီး လန့်နိုးလာတာမျိုးကို တချို့မေမေတို့ ကြုံဖူးကြမယ် ထင်ပါတယ်။ ဘာထိခိုက်ဒဏ်ရာမှမရှိဘဲနဲ့ ဒီလိုဖြစ်တာဟာ ကြီးထွားဖွံ့ဖြိုးတဲ့အချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကြွက်တက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

>>  ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?
ကြီးထွားဖွံ့ဖြိုးတဲ့အရွယ် ကလေးတွေမှာ ဖြစ်တယ်ဆိုပေမယ့် ကြီးထွားဖွံ့ဖြိုးမှုနဲ့တော့ တိုက်ရိုက်ပတ်သက်နေတာ မဟုတ်ပါဘူး။ ဒီအရွယ်ကလေးတွေဟာ အရမ်းဆော့လေ့ရှိလို့ ကလေးရဲ့ကြွက်သားက ခံနိုင်ရည်ရှိတာထက်ပိုပြီး ပြေးတာ၊ ခုန်တာ စတဲ့ လှုပ်ရှားမှုတွေကို လုပ်မိတဲ့အခါ ကြွက်သားတွေ ပင်ပန်းပြီး ကိုက်ခဲနာကျင်ရတာပါ။ အထူးသဖြင့်တော့ အားကစားလုပ်တဲ့ကလေးတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်။

Biogesic for kids IA 1

>>  ဘယ်အသက်အရွယ်မှာ ဖြစ်နိုင်သလဲ?
များသောအားဖြင့်တော့ ကလေးအသက် (၃) နှစ်၊ (၄) နှစ် ဝန်းကျင်ဆို ဖြစ်လေ့ရှိပြီး (၈) နှစ်ကနေ (၁၂) နှစ်အရွယ်ရောက်ရင်လည်း ထပ်ပြီးဖြစ်နိုင်ပါတယ်။

>>  ဘယ်လိုလက္ခဏာ ပြလေ့ရှိသလဲ?
ခြေထောက်နှစ်ဖက်မှာ အဓိကဖြစ်ပြီး ပေါင်ရှေ့ကြွက်သား၊ ခြေသလုံးကြွက်သားနဲ့ ဒူးခေါင်းတွေ နာကျင်လေ့ရှိပါတယ်။ ညနေနဲ့ ညဘက်တွေမှာ နာကျင်လေ့ရှိပြီး မနက်ဆိုရင်တော့ သက်သာသွားပါတယ်။ တချို့ကလေးတွေမှာဆိုရင် လတွေ၊ နှစ်တွေနဲ့ချီပြီး နာလိုက်၊ ပျောက်လိုက် ဖြစ်နေနိုင်ပါတယ်။

Biogesic for kids IA 2

>>  ဘယ်လိုကုသရမလဲ?
ကလေးရဲ့ နာကျင်မှုအပေါ် မူတည်ပြီးတော့ အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။
●  ခြေထောက်ကို ညင်သာစွာ နှိပ်နယ်ပေးပါ။
●  အကြောလျှော့လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။
●  နာကျင်တဲ့နေရာကို ရေနွေးအိတ်လေး ကပ်ပေးပါ။
●  လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ပါရာစီတမောပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို တိုက်ပေးပါ။

>>  ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
●  ကလေးအနေနဲ့ ထိခိုက်ဒဏ်ရာရပြီးမှ ခြေထောက်နာရင်
●  ဖျားရင်၊ အစားအသောက်ပျက်ရင်၊ နုံးပြီးအားမရှိရင်
●  အဆစ်ရောင်ရမ်းမှုရှိရင်
●  လမ်းမလျှောက်နိုင်ရင်
အစရှိတဲ့ အခြေအနေတွေဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)