ကြွက်သားတင်းအား နည်းခြင်း (သို့) ပျော့တိပျော့ဖတ်ကလေးများ
ကြွက်သားတင်းအားဆိုတာကတော့ ကြွက်သားတွေရဲ့ ခုခံနိုင်စွမ်းအားပါ။ ကျွန်ုပ်တို့ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါတွေမှာ ခန္ဓာကိုယ်ကို မတ်နေစေဖို့အတွက် ကြွက်သားတင်းအားရှိနေဖို့လိုပါတယ်။ ပြီးတော့ ဒီတင်းအားတွေကပဲ လှုပ်ရှားမှုတွေရဲ့ အမြန်နှုန်းတွေကို ထိန်းချုပ်ပေးပါတယ်။
ကြွက်သားတင်းအားနည်းတယ် ဆိုတာကတော့ ကြွက်သားတွေက ပျော့ဖတ်နေတာပါ။ ပြောချင်တာကတော့ ကြွက်သားတင်းအားနည်းတဲ့အခါမှာ တစ်ခုခု လှုပ်ရှားမှုလုပ်ချင်ရင် ပိုပြီးအားစိုက်ထုတ်ရပါတယ်။ ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါတွေမှာ ခန္ဓာကိုယ်က မတ်နေဖို့ခက်ပါတယ်။ ကြွက်သားတင်းအားနည်းတဲ့ ကလေးတွေမှာ လှိမ့်တာ၊ ထိုင်တာ၊ လမ်းလျှောက်တာ စတာတွေမှာ တိုးတက်မှုနှောင့်နှေးတတ်ပါတယ်။
ကြွက်သားတင်းအား ဘာလို့နည်းရလဲဆိုရင်တော့ အာရုံကြောနဲ့ ကြွက်သားပြသနာတွေရှိလို့ ဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ ဘာကြောင့်မှန်းမသိဘဲ အားနည်းနေတတ်ပါတယ်။
>> ရောဂါလက္ခဏာတွေကတော့
မွေးကတည်းက ကြွက်သားတင်းအားနည်းတဲ့ကလေးတွေမှာ -
● ကလေးကို မ,လိုက်ရင် ပျော့ဖတ်နေတာ
● အဆစ်တွေက အရမ်းပျော့ပြောင်းပြီး ကွေးဆန့်အားများတာ
● ခန္ဓာကိုယ် အနေအထားမမှန်တာ
● ပင်ပန်းနွမ်းနယ်လွယ်တာ
● ကြွက်သားအားနည်းတာ
● လှိမ့်တာ၊ ထိုင်တာ၊ တွားသွဦးတာ၊ လမ်းလျှောက်တာ စတဲ့ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးတာတွေ ဖြစ်တတ်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်ပြဖို့လိုပြီလဲ?
တစ်ခါတလေမှာ ကလေးမွေးပြီး သိပ်မကြာခင် ကလေးကိုပြန်ပြတဲအချိန်တွေမှာ ကြွက်သားတင်းအားနည်းနေတာကို သိနိုင်ပါတယ်။ တစ်ခါတလေကျတော့လည်း ဖွံ့ဖြိုးမှုနောက်ကျတဲ့အချိန်မှ သိတာမျိုးလည်း ရှိပါတယ်။ ကလေးနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်ဆိုရင်တော့ ကလေးအထူးကု သွားပြလိုက်ပါ။
>> ကုထုံးများ
ဘာကြောင့်မှန်းမသိဘဲ အားနည်းတာ အများစုကတော့ အချိန်ကြာလာတာနဲ့အမျှ သူ့ဟာသူ ပြန်ကောင်းသွားပြီးတော့ ရေရှည်ဆိုးကျိုးတွေ မကျန်ခဲ့တတ်ပါဘူး။ တချို့ကလေးတွေကျတော့လည်း အရွယ်ရောက်တဲ့အထိ ကြွက်သားတွေအားနည်းနေတာ ဖြစ်တတ်ပါတယ်။
အရိုးအဆစ် ပြန်လည်သန်စွမ်းရေးကုထုံးဆရာဝန်က ကြွက်သားအားကောင်းစေမယ့် နည်းလမ်းတွေကို ညွှန်ကြားပါလိမ့်မယ်။
သွေးပူလေ့ကျင့်ခန်း လုပ်ပေးတာက ကြွက်သားတွေကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့်ကလေးကို သွေးပူလေ့ကျင့်ခန်း နေ့တိုင်းလုပ်ဖို့ အားပေးပါ။ ကလေး လုပ်ချင်အောင်လို့ ပျော်စရာကောင်းအောင် ကြိုးစားပြီးဆွဲဆောင်ပါ။
စာမရေးခင်မှာ ရာဘာလုံးလေးတွေကို ညှစ်ခိုင်းတာ လှိမ့်ခိုင်းတာတွေက ခဲတံကို အချိန်ကြာကြာကိုင်နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။
ဒီလေ့ကျင့်ခန်းတွေလည်း လုပ်လို့ရပါတယ်။
● မျဉ်းကြောင်းတစ်လျှောက်ပြေးခြင်း၊ ခုန်ခြင်း၊ ကြိုးခုန်ခြင်း
● တွားသွားခြင်း၊ ကဏန်းလျှောက်ခြင်း၊ ဝက်ဝံလို လျှောက်ခြင်း
● ဘောလုံးနဲ့ ပစ်ခြင်း၊ ဖမ်းခြင်း၊ ဘောလုံးပုတ်ခြင်း၊ တစ်ခုခုကိုမှန်အောင်ပစ်ခြင်း၊ ကန်ခြင်း
● စက္ကူ၊ သတင်းစာ စတာတွေကို လုံးပြီးတော့ ခွက်တစ်ခုထဲ (သို့) ပစ်မှတ်တစ်ခုကို ဦးတည်ပစ်ခြင်း
● အရုပ်ကောက်ခြင်း
● လက်လှဲခြင်း စတဲ့ လေ့ကျင့်ခန်းက ကြွက်သားတင်းအား ကောင်းလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























