ခက်ထန်ကြမ်းတမ်းတဲ့ကလေးတွေ မဖြစ်လာဖို့
ကလေးငယ်အပေါ်မှာ စိတ်မရှည်တာတွေ၊ ကြမ်းတမ်းစွာ ကိုင်တွယ်တာတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ကလေးငယ်တွေရဲ့ စိတ်ကိုထိခိုက်စေနိုင်ပါတယ်။ သုတေသနပညာရှင်တွေရဲ့အဆိုအရ မိဘတွေရဲ့ပြုစုပျိုးထောင်မှုမကောင်းခဲ့တဲ့ကလေးငယ်တွေမှာ ရုန်ရင်းကြမ်းတမ်းတဲ့အပြုအမူတွေရှိလာနိုင်ကြောင်းသိရပါတယ်။
လေ့လာဆန်းစစ်မှုတွေ မပြုလုပ်ခင်တုန်းက ကလေးတွေမှာဒီလိုမကောင်းတဲ့ အပြုအမူတွေဖြစ်ရတာဟာ ပင်ကိုဗီဇနဲ့ မိဘတွေရဲ့ပြုစုပျိုးထောင်မှုမကောင်းတာပေါင်းစပ်ပြီးဖြစ်လာတာလို့ ထင်ကြပေမယ့်လည်း တကယ်တော့ကလေးဘဝမှာ မိဘတွေရဲ့ထိန်းကျောင်းမှုဟာ ပိုမိုအရေးပါအရာရောက်ကြောင်းကို နယူးယောက်ခ်တက္ကသိုလ်ရဲ့ သုတေသနပညာရှင် Michael Lorber ကပြောကြားခဲ့ပါတယ်။
လမ်းလျှောက်တတ်ခါစအရွယ်မှာ ကလေးငယ်တွေဟာရန်လိုတဲ့အပြုအမူတွေဖြစ်လေ့ရှိပြီး အသက် 5 နှစ်လောက်မှာတော့ ပြန်ပြီးငြိမ်သက်သွားပါတယ်။ Lorber ကဆက်ပြီးပြောကြားရာမှာ ထိုကဲ့သို့ရန်လိုတဲ့ပြုမူတွေဟာ ငါးနှစ်ကျော်တဲ့အထိ ဆက်ရှိနေဦးမယ်ဆိုရင်တော့ တစ်သက်လုံးဖြစ်နိုင်ချေများသွားပြီဖြစ်ကြောင်းသိရပါတယ်။
ကလေးငယ်တစ်ဦးရဲ့ အသက် 5 နှစ်ဝန်းကျင်မှာရှိတဲ့ အပြုအမူတွေဟာ နောင်နှစ်ပေါင်းများစွာမှာ ဖြစ်လာနိုင်တဲ့စိတ်ကျရောဂါဖြစ်ခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ ပညာရေးတွင်တိုးတက်မှုမရှိခြင်း၊ လူမှုပေါင်းသင်းဆက်ဆံရေးမပြေပြစ်ခြင်း စတဲ့အရာတွေကိုခန့်မှန်းနိုင်တဲ့ အကောင်းဆုံးကြိုတင်တွက်ဆမှုတစ်ခုဖြစ်ပါတယ်။ ထို့ပြင် သာယာတဲ့အိမ်ထောင်ရေးထူထောင်နိုင်မလားဆိုတာကိုလည်း ကြိုတင်တွက်ဆနိုင်ပါတယ်။
မွေးကင်းစကလေးများ၏ စိတ်အခြေအနေကိုလေ့လာခြင်း
သုတေသနပညာရှင်တွေဟာ မိခင်နှင့်ကလေး 260 ဦးကို မွေးစအရွယ်မှစ၍ သူငယ်တန်းရောက်သည်အထိ စောင့်ကြည့်ခဲ့ကြရင်း ပထမခြောက်လအရွယ်နဲ့ လမ်းလျှောက်တတ်ခါစအရွယ်တို့မှာ ကလေးရဲ့စိတ်အခြေအနေနဲ့ မိခင်ရဲ့ပြုစုစောင့်ရှောက်မှုတွေကို သေချာစွာလေ့လာခဲ့ပါတယ်။ ထို့ပြင် ကလေးငယ်ရဲ့ဆရာမနဲ့မိခင်တွေကိုလည်း ကလေးတစ်ယောက်ချင်းစီရဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေများစွာမေးခဲ့ရာ မိဘတွေဆီကကောင်းမွန်ကြင်နာစွာဆက်ဆံမှုမရခဲ့တဲ့ ကလေးတွေမှာဒေါသကြီးလွယ်ပြီး ရုန်ရင်းကြမ်းတမ်းတဲ့အပြုအမူ အပြောအဆိုတွေရှိတာတွေ့ရပါတယ်။
ကာကွယ်ခြင်း
မိဘတွေအနေနဲ့ ဒီလိုတွေမဖြစ်အောင်ကာကွယ်လိုသည်ဆိုပါက မွေးခါစခြောက်လအတွင်းမှာပင် မိဘနဲ့ကလေးဆက်ဆံရေးကို ကောင်းမွန်အောင်တည်ဆောက်သင့်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























