ခဏခဏ ငိုနေတဲ့ သားသားမီးမီးတွေ
ကလေးငယ်လေးတွေကတော့ ငိုကြတာပါပဲ၊ တချို့က ပိုငိုတယ်၊ တချို့ကတော့အငိုနည်းတယ်။ အများအားဖြင့်တော့ ကလေးတွေက ဗိုက်ဆာရင်၊ သေးပေါက်၊အီးပါထားလို့ သေးခံတွေစိုနေရင်၊ သူတို့ကိုယ်သူတို့ မလုံခြုံဘူးလို့ထင်ရင် ငိုကြတာများပါတယ်။ ဒီလိုအချိန်မှာ မိဘတွေက ကလေးကိုနို့တိုက်လိုက်ရင်၊ သေးခံလဲပေးလိုကရင် ကောက်ချီပြီးချော့မြူလိုက်ရင်တော့ အငိုတိတ်သွားပါလိမ့်မယ်။
ဒီလိုမျိုးတွေ တစ်ခုမှမဟုတ်ဘဲနဲ့ ကလေးက အချိန်အကြာကြီး ညှစ်ပြီးတော့ငိုနေမယ် ချော့လို့လည်းမရဘူးဆိုရင် ဒါကိုလေထိုးတယ်လို့ ခေါ်ပါတယ်။ ဆရာဝန်တွေကတော့ နေ့တိုင်း တစ်နာရီခွဲကျော်လောက်ငိုနေရင် လေထိုးတယ်လို့သတ်မှတ်ပါတယ်။ ဒါပေမယ့် လေထိုးလို့ငိုတဲ့ကလေးအများစုက တစ်နေ့ကို ၃ နာရီထက်ပိုပြီးငိုတတ်ကြပြီးချော့လို့လည်း မတိတ်ကြပါဘူး။ ဘယ်လိုပဲလုပ်ပေးပေး ဆက်ပြီးတော့ အော်ငိုနေတတ်ပါတယ်။ ဒီလိုမျိုးက ကလေး ၁၀ ယောက်မှာတစ်ယောက်လောက်ဖြစ်တတ်ပါတယ်။
ပုံမှန်အားဖြင့်တော့ ညနေဘက်တွေမှာငိုတာများပြီးတော့ ညဘက်မှာလည်းနည်းနည်းထပ်ငိုတတ်သေးပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်မဆိုလေထိုးလို့ငိုနိုင်ပါတယ်။ ကလေးငိုတဲ့အခါမှာ ဗိုက်အောင့်တဲ့အတွက် ကလေးကကော့ကော့ပြီးလည်းထိုးပါတယ်။ ကလေးအသက် ၃ လလောက်ဆိုရင် ဒီလိုလေထိုးလို့ငိုတာက အလိုလိုပျောက်သွားလေ့၇ှိပါတယ်။
ဒီလိုကလေးလေထိုးလို့ ငိုနေတာကိုကြည့်ရတာ မိဘတွေအတွက် တကယ်ကို စိတ်မချမ်းသာစရာပါပဲ။ ကလေးကိုအငိုတိတ်အောင်လုပ်မပေးတတ်တော့ မိဘတွေလည်းရင်ပူရတယ်။ ပြီးတော့ ဘာများမှားနေလဲဆိုပြီးတော့လည်း စိုးရိမ်ရပါသေးတယ်။ ဒီတော့ ဆရာဝန်သွားပြကြရပါတယ်။
ဒါပေမယ့်လည်းပဲ လေထိုးတာကို ကုဖို့ဘာမှမရှိပါဘူး။ ဒီလေထိုးရတဲ့အကြောင်းအရင်းကိုရှာနိုင်ဖို့ အများကြီးကြိုးစားကြပေမယ့်လည်း ခုထိတော့ မအောင်မြင်သေးပါဘူး။ တချို့ကတော့ ကလေးကို နို့တိုက်တာအရမ်းများြ့ပီးတော့ခဏခဏတိုက်လို့ အူတွေလှုပ်ရှားပြီးတော့ အောင့်တာလို့ဆိုပါတယ်။ တစ်ချို့ကတော့ ဒါက ဓာတ်မတည့်လို့ဖြစ်တာလို့ထင်ပြီးတော့ အမေတွေကလည်း အစာတွေပြောင်းစားကြပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ချက်လုံး တစ်ခုမှမမှန်ပါဘူး။
ဒီတော့ လေထိုးလေအောင့်တတ်တဲ့ကလေးတွေရဲ့မိဘတွေသိထားသင့်တာကတော့
၁။ လေထိုးတာက ကလေးအတွက် အန္တရာယ်မရှိပါဘူး။
၂။ ဒါက သူ့အလိုလိုပြန်ပျောက်သွားပါလိမ့်မယ်။
၃။ လေထိုးတဲ့ကလေးတွေကလည်း ပုံမှန်အတိုင်းပဲကြီးထွားဖွံ့ဖြိုးမှုရှိနေမှာပါ။
>> ကလေးလေထိုးလို့ အော်ငိုနေရင်ဘာလုပ်ပေးလို့ရသလဲ
ကလေးကို တစ်ခါတည်းနဲ့ နို့အများကြီးမတိုက်ပါနဲ့။ တစ်ခါတိုက်ရင် နို့တစ်ဖက်ပဲတိုက်ပါ။ နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ။ ကလေးငိုတဲ့အချိန်မှာ သက်တောင့်သက်သာလေးထားပေးပါ။ ကလေးကိုအလှည့်ကျချီထားပေးပါ။ ပြီးတော့ကလေးကို ညင်သာစွာနှိပ်နယ်ပွတ်သပ်ပေးပါ။
စိတ်ပူရင် ဆရာဝန်ကိုနောက်နေ့သွားပြပါ။
ဆရာဝန်က ကလေးကို အနည်းဆုံးတစ်ကြိမ် စမ်းသပ်ကြည့်ပြီးလို့ လေထိုးတာပဲဆိုရင်တော့ ဘာမှစိတ်ပူဖို့မလိုပါဘူး။ ပုံမှန်ပါပဲလို့ပြောပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























