ချစ်ရတဲ့ သားသားမီးမီးတို့မှာ ဗီတာမင်ဒီ ချို့တဲ့နေသလား
နေ့စဉ်နဲ့အမျှ ဟိုနားကိုက်လိုက်၊ ဒီနားနာလိုက်ဖြစ်နေတဲ့ သားသားဟာ တစ်နေ့လေးမှ အေးအေးဆေးဆေး မနေရရှာပါဘူး။ ဒီနေ့ တံတောင်ဆစ်နာရင် နောက်ရက် နောက်ကျောနာတယ်။ နောက်တစ်ရက်ကျ လက်ကောက်ဝတ်တွေ ကိုက်နေပြန်ရော။ ကလေးကို ကြည့်ရတာလည်း ဖျော့တော့ပြီး ပင်ပန်းနေသလိုပါပဲ။
မေမေကတော့ ပြောရှာပါတယ် " သားသားက ခဏခဏ မူးနေတယ်တဲ့ ..." အစားအသောက် ပိုကျွေးပြီး ဂရုစိုက်ပေးပေမယ့်လည်း မသက်သာ အဆင်မပြေသေးပါဘူး။
လင်းက ပြောပြန်ပါတယ် " မနက်စာစားပြီးရင် ခြေထောက်တွေ ထုံပြီး ပျော့ကျသွားသလိုပဲ … နေလို့မကောင်းဖူး မေမေရေ "
ပြေးပြေးလွှားလွှား ဆော့တယ်လို့မရှိ၊ အမြဲမှိုင်တွေနေတဲ့ သားသားအတွက် မေမေနဲ့ဖေဖေမှာ တစ်ရက်လေးမှ စိတ်မချမ်းသာရပါဘူး။
နောက်ဆုံး ကျန်းမာရေးစစ်ဆေးချက်တွေ ပြုလုပ်လိုက်တဲ့အခါ သားသားမှာ ဗီတာမင်ဒီဓာတ်ဟာ အံ့သြစရာကောင်းလောက်အောင် နည်းပါးနေတာ တွေ့ရှိခဲ့ကြပါတယ်။
သားသားကို ဗီတာမင်ဒီသရီး တစ်ရက်ကို နှစ်ကြိမ် တိုက်ကျွေးပြီးတဲ့အခါ အကိုက်အခဲတွေ အကုန်ပျောက်သွားသလို သွက်လက်ကျန်းမာတဲ့ကလေးအဖြစ် ပြန်လည်နာလန်ထူလာခဲ့ပါတယ်။
>> ဗီတာမင်ဒီ ချို့တဲ့တဲ့အခါ -
● အရိုးပွမယ်
● အရိုးကျွတ်ဆတ်မယ်
● အရိုးကျိုးလွယ်မယ်
● အလွယ်တကူ နာဖျားမယ်
● သွေးတိုးမယ်
● ဆီးချို ဝင်လာမယ်
● နှလုံးရောဂါ ဖြစ်မယ်
နေရောင်ခြည်ခံခြင်းအားဖြင့် အရေပြားကနေ ဗီတာမင်ဖွဲ့စည်းမှုဖြစ်လာတဲ့အတွက် ကလေးတွေကို သိပ်မပြင်းထန်တဲ့ နေရောင်အောက်မှာ အပြင်ထွက်ပြီး ပြေးပြေးလွှားလွှား ဆော့ကစားစေသင့်ပါတယ်။
ဒါပေမဲ့ နေရောင်ကရတဲ့ ဗီတာမင်ဒီဟာ အဲလောက်ထိ မလုံလောက်နိုင်သေးပါဘူး။
နေရောင်အပြည့်အဝရတဲ့ ပင်လယ်ကမ်းစပ်နိုင်ငံတွေမှာတောင် ဗီတာမင်ဒီ ချို့တဲ့နေကြတာကို တွေ့ထားရပါတယ်။
● အသက် ၅၀ အောက်တွေမှာ တစ်ရက်ကို ဗီတာမင်ဒီ ၂၀၀ IU လိုအပ်ပါတယ်။
● အသက် ၅၀ ကနေ ၇၀ အတွင်းမှာ ၄၀၀ IU
● အသက် ၇၀ အထက်တွေမှာ ၆၀၀ IU လိုအပ်လျက် ရှိပါတယ်။
သွေးတွင်းဗီတာမင်ဒီ ပမာဏ ၅၅ ကနေ ၇၅ အတွင်းမရှိတဲ့ လူတွေမှာ ပြင်းထန်ဆိုးကျိုးတွေ ခံစားရဖို့ ရှိနေပါတယ်။
ဒါ့အပြင် နာမကျန်းဖြစ်နေသူတွေ နာတာရှည်ရောဂါတွေ ခံစားနေရသူတွေမှာ ဗီတာမင်ဒီ ချို့တဲ့နေခြင်းကြောင့် ကောင်းကောင်းနာလန်မထူဘဲ ရောဂါကြာရှည်နေတတ်တာ ဖြစ်ပါတယ်။
ဒါကြောင့် အရိုးအဆစ် ကိုက်ခဲနာကျင်နေတတ်ရင် ဖျားနာလွယ်ရင် သင့်ကျန်းမာရေးအတွက် သွေးတွင်းဗီတာမင်ဒီဓာတ်ကို စစ်ဆေးပြီး သောက်ဆေးနဲ့ ဖြည့်စွက်ကုသကြဖို့ အကြံပြုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























