/
news/ကလေးများနှင့်ကျန်းမာရေး/စိတ်ပိုင်းဆိုင်ရာ၊-ရုပ်ပိုင်းဆိုင်ရာ-အနိုင်ကျင့်ခံရတဲ့ကလေးတွေ

စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ကလေးတွေ ကျန်းမာရေးချို့တဲ့နိုင်

Category
ကလေးများနှင့်ကျန်းမာရေး

          အနိုင်ကျင့်ခံရတဲ့ကလေးတွေဟာ အသက်ငယ်ရွယ်စဉ်မှာ ပြဿနာအထွေထွေနဲ့ ပူပူလောင်လောင် ကြီးပြင်းလာရသလို အသက်ကြီးလာတဲ့အခါမှာလည်း ဆီးချို၊ သွေးတိုး၊ စိတ်ကျရောဂါလိုမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

          လတ်တလော သုတေသနတွေအရ ငယ်ရွယ်စဉ်က စိတ်ပိုင်းဆိုင်ရာ ဖိစီးနှိပ်စက်ခံရတာတွေ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေ ရှိခဲ့တဲ့ ကလေးငယ်တွေ ကြီးပြင်းလာတဲ့အခါ စိတ်ကျရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေခံစားရဖို့ အလားအလာ သိပ်များနိုင်ပါသတဲ့။

          အနိုင်ကျင့်တာဆိုတဲ့ နေရာမှာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲတာ ဥပမာ - စာ အတင်းအကြပ် ကျက်ခိုင်းတာ၊ ကလေးကို အနားမပေးတာ၊ မိသားစု မသာယာတာ၊ အဖော်မဲ့တာ၊ လိုချင်တာ မရတာ၊ မျိုသိပ် သည်းခံခဲ့ရတာတွေ ပါဝင်ပါတယ်။

          ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေကတော့ အရိုက်အနှက်ခံရတာ၊ ကလေးကို နှိပ်စက်တာ၊ ခေါင်းခေါက်၊ ကျောရိုက်၊ နာကျင်စေတာတွေ၊ ကိုယ်ခန္ဓာကို ထိခိုက်နစ်နာစေတာတွေ အများကြီး ဖြစ်နေနိုင်ပါတယ်။

          ဒီတော့ အသက်ကြီးလာချိန်မှာ ဖြစ်တတ်တဲ့ ရောဂါတချို့ဟာ ငယ်ရွယ်နုနယ်တဲ့အချိန်မှာ ဖိစီးတာ ခံခဲ့ရတာတွေကြောင့်ဆိုတာ သေချာသလောက် ဖြစ်နေပါတယ်၊ ကလေးတွေရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ဦးနှောက်ဖွံ့ဖြိုးမှု အတွေးအခေါ်ပိုင်းဆိုင်ရာတွေ ထိခိုက်သွားပြီး ကြီးပြင်းအရွယ်ရောက်လာတဲ့အခါ နာတာရှည်ရောဂါတချို့ ဝင်ရောက်လာနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

          ဒါကြောင့် အသက် ငယ်ရွယ်စဉ်မှာ နုနုယ်တဲ့ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ချမ်းမြေ့သော ကိုယ်လည်း ကျန်းမာကြံ့ခိုင်ပြီး နာကျင်မှု ကင်းလွတ်သောဘဝ ဖြစ်စေဖို့ မိဘ ဆရာ မိသားစု လက်တွဲ ကြိုးပမ်းကြပါစို့နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)