စိတ်မပျော်ရွှင်တဲ့ကလေးတွေမှာ အမျိုးအစား (၁) ဆီးချိုရောဂါ ပိုဖြစ်သတဲ့
စိတ်ဖိစီးမှုတွေ၊ လောကဓံကြီးကြီးမားမားတွေ၊ ကြေကွဲဝမ်းနည်းစရာတွေ အများကြီး ကြုံခဲ့ရသူကလေးတွေဟာ အမျိုးအစား (၁) ဆီးချိုရောဂါဖြစ်ဖို့ အလားအလာများနေကြောင်း ဆွီဒင်နိုင်ငံက ပညာရှင်တွေဟာ မိသားစုပေါင်း တစ်သောင်းကျော်ကို မေးခွန်းမေးမြန်းပြီး သုတေသန ပြုလုပ်တင်ပြခဲ့ပါတယ်။
သူတို့မေးမြန်းခဲ့တဲ့ မိသားစုတွေမှာ မိဘကွဲပြီး မိသားစု တကွဲတပြားဖြစ်တာ၊ စီးပွားရေးပျက်ပြားတာ၊ ပညာရေး တစ်ပိုင်းတစ်စဖြစ်တာ၊ သဘာဝဘေးကြုံရတာတွေ စတဲ့ လောကဓံတွေ ကြေကွဲဝမ်းနည်းစရာ ကြီးကြီးမားမားနဲ့ ဘဝအစပိုင်းမှာ ကြုံတွေ့ခဲ့ရသူကလေးတွေဟာ အမျိုးအစား (၁) ဆီးချိုရောဂါ အဖြစ်များတာကို တွေ့ရှိရပါတယ်။ စိတ်မကောင်းစရာ တွေ့ရှိချက်ပါပဲ။
ဒီတော့ ငယ်ရွယ်စဉ်မှာခံရတဲ့ စိတ်ဖိအားရဲ့ သက်ရောက်မှုဒဏ်ကို လျှော့မတွက်ထားသင့်ပါဘူး။ ဆိုးဝါးလွန်ကဲစွာ စိတ်ဖိစီးမှုကို ငယ်ငယ်လေးနဲ့ ခံစားရတဲ့အခါ ဦးနှောက်နဲ့ စိတ်ခံစားမှုတွေ ပြောင်းလဲလာတာမို့ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။
ဒါဟာ အမျိုးအစား (၁) ဆီးချိုရောဂါဟာ မျိုးရိုးဗီဇနဲ့ ကိုယ်ခံအား ဖောက်ပြန်တာတွေကြောင့် ဖြစ်လာတဲ့အပြင် ငယ်ရွယ်စဉ်မှာ ခံစားရတဲ့လောကဓံကြောင့် ဖြစ်နိုင်သေးတာကိုလည်း ဆွီဒင်သုတေသနက မီးမောင်းထိုးပြထားလိုက်တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုပြီးထဲထဲ၀င်၀င်သိဖို့၊ တိတိကျကျ သိဖို့အတွက်တော့ သုသေသနပြုလုပ်မှုတွေ ထပ်မံလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)






























