ဆီးချိုရှိမှန်းသိသိချင်း မဖြစ်မနေလုပ်ကိုလုပ်ရမယ့်အချက်တွေ
ဆီးချိုလို့ပြောလိုက်တာနဲ့ လူတိုင်းက ဆေးသောက်ရမယ် လိုအပ်ရင် အင်ဆူလင် ထိုးရမယ်လို့ပဲ နားလည်ကြပါတယ်။ ဆီးချိုဖြစ်ကြောင်း သိရှိပြီးတာနဲ့ ဆေးသောက်ရုံတင်မဟုတ်ဘဲ အစားအသောက်အနေအထိုင်ပါ ပြုပြင်ရတော့မယ်ဆိုတာကိုတော့ တကယ်လိုက်နာကျင့်သုံးသူရှားပါတယ်။ ဆီးချို ရှိမှန်းသိထားတဲ့ မိတ်ဆွေများအတွက် အကျိုးရှိမယ့် အချက်လေးတွေပြောပြပါရစေ..
1. ပထမဆုံးအနေနဲ့ စာအုပ်လေးတစ်အုပ်နဲ့ ဆီးချိုဖောက်စက်၀ယ်ပါ။
ဆီးချိုဖောက်စက်လေးကို မဖြစ်မနေ၀ယ်ပါ။ လိုအပ်မယ်ထင်တိုင်း ဓာတ်ခွဲခန်းပြေးဖောက်ဖို့ မလွယ်လို့ပါ။ ည ဆယ်နာရီနောက်ပိုင်း အစာ မစားပဲ မနက် ၆ နာရီ ဖောက်စစ်ပါ။ စစ်တဲ့ အဖြေတွေကို ရက်နဲ့ အချိန်နဲ့ ချရေးပြီး စာအုပ်တစ်အုပ်မှာမှတ်ပါ။ စာအုပ်က အဖြေလေးတွေကို ဆရာ၀န်ကိုပြပါ။ ဆရာ၀န်အနေနဲ့ ဆီးချို အတက်အကျ ပုံစံကိုသိရလွယ်စေပါတယ်။
Naturally Better 1

2. ဆီးချိုရှိမှန်းသိတာနဲ့ ဆရာ၀န်တယောက်နဲ့ သတ်သတ်မှတ်မှတ်ကုပါ။ ဟိုပြေး ဒီပြောင်း မလုပ်ပါနဲ့ ။ လိုအပ်လို လွှဲပြီဆိုမှ သူလွှဲအပ်တဲ့ ဆရာ၀န်ဆီကို ဆက်ပြပါ။
3. ဆေးတွေကိုသောက်ရမယ့်အချိန် အစာနဲ့ တွဲတာ ခွာတာ သေချာမေးပါ။ လိုအပ်ရင် ခုနကစာအုပ်လေးမှာ ရေးမှတ်ထားပါ။
4. ဆေးလုံးထည့်သောက်တဲ့ ဘူးလေးတွေရှိပါတယ်။ ၀ယ်ပြီး ဆရာ၀န် သို့ ဆရာမ အစီအစဉ်နဲ့ စီစဉ်ပြီး ထည့်ထားပါ။ ဆေးလုံးဘူးကို အေးမြခြောက်သွေ့တဲ့နေရာမှာ သိမ်းပါ။
5. ဆီးချိုအတွက် အစားအစာ ဆောင်ရန်ရှောင်ရန်တွေ စာရွက်လေးနဲ့ ပေးပါလိမ့်မယ်။ မရရင် တောင်းပါ။ ပျောက်သွားရင် ထပ်တောင်းပါ။ မိတ္တူဆွဲပြီး 3 နေရာမှာကပ်ပါ။ အိပ်ခန်းနံရံ၊ မီးဖိုချောင် နံရံ နဲ့ ရေခဲသေတ္တာနံရံ တို့ဖြစ်ပါတယ်။ တစ်စုံကိုခေါက်ပြီး သွားလေရာ ဆောင်သွားပါ။
Naturally Better 2

6. မနက် သို့မဟုတ် ညနေမှာ လမ်းစလျှောက်ပါတော့။ ခပ်သွက်သွက်လျှောက်ပါ။ နာရီ၀က်ခန့်လျှောက်ပါ။ လက်ကိုဆန့်တန်းပြီး အသက်၀၀ရှူ လေ့ကျင့်ခန်းလုပ်ပါ။
7. အစာကို တစ်ရက်သုံးကြိမ်ပုံမှန်စားပါ။ အစားအသောက်အချိုးအစားကိုသာ လျှော့ရမှာပါ။ အစာမစားဘဲ မနေပါနဲ့။ ဆီးချိုထိုးကျပြီး သတိလစ်တာ မူးမော်တာတွေ ဖြစ်နိုင်ပါတယ်။
8. ရင်ဘတ်အောင့်ရင် လုံး၀မပေါ့ပါနဲ့ ။ ဆီးချို နဲ့ နှလးုံ သွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုဟာ အလွန်ဆက်စပ်နေပါတယ်။ နှလုံး ကြွက်သားပုပ်တာ၊ သွေးကြောပိတ်တာတွေကနေ ရုတ်တရက် သေဆုံးမှုတွေအထိ ဖြစ်နိုင်တာမို့ ကျန်းမာရေးဌာနကို ချက်ချင်းပြသ နှလုံးစစ်ဆေးဖို့ လိုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























