ညှစ်ထုတ်ထားတဲ့ မိခင်နို့ရည်နဲ့ပတ်သက်ပြီး သိသင့်သည်များ
အလုပ်တစ်ဖက်နှင့် မအားလပ်ပေမယ့် မိမိရဲ့ကလေးငယ်ကို မိခင်နို့တိုက်ကျေွးချင်တဲ့ မေမေတွေ အတွက် မိခင်နို့ရည်ကို သိမ်းဆည်းထိန်းသိမ်းပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။
1. ကြိုတင်ညှစ်ထုတ်ထားတဲ့ နို့ရည်တွေကို ဘယ်လိုဘူးနဲ့သိမ်းဆည်းမလဲ
နို့ရည်တွေကိုမညှစ်ထုတ်မီ လက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာဆေးကြောဖို့ လိုအပ်ပါတယ်။ ထို့နောက်ညှစ်ထုတ်ထားတဲ့ နို့ရည်ကိုသန့်ရှင်းပြီးအဖုံးရှိတဲ့ ဖန်ထည် (သို့) BPA ပါဝင်မှုမရှိတဲ့ ပလတ်စတစ်ဗူးထဲမှာ သိမ်းဆည်းနိုင်ပါတယ်။ ဒါမှမဟုတ် နို့ရည်သိုလှောင်ဖို့အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ ပလတ်စတစ်အိတ်တွေအသုံးပြုနိုင်တယ်ဆိုပေမယ့် ၎င်းအိတ်တွေက ပေါက်ပြဲယိုစိမ့်လွယ်ပြီး ဘက်တီးရီယားပိုးမွှားဝင်ရောက်နိုင်ခြေ ပိုများပါတယ်။ ပိုပြီးတော့သေချာချင်တယ်ဆိုရင်တော့ နို့ထည့်ထားတဲ့အိတ်ကို လေလုံတဲ့ပလပ်စတစ်ဘူးထဲမှာထည့်ပြီး အဖုံးကိုသေချာဖုံးထားပါ။
အိမ်သုံး၊ ဈေးသုံးအတွက် ထုတ်လုပ်ထားတဲ့ ကျွတ်ကျွတ်အိတ်၊ တစ်ခါသုံးခွက် စတာတွေကိုတော့ အသုံးမပြုသင့်ပါဘူး။
2. ညှစ်ထုတ်ထားတဲ့ နို့ရည်ကို သိုလှောင်ဖို့ အကောင်းဆုံးနည်းလမ်းကဘာလဲ
နို့ရည်ထုတ်ထားတဲ့ ရက်စွဲအတိအကျကို နို့ဘူးတခုချင်းစီတိုင်းမှာ ရေစိုခံမှင်နှင့် ရေးပြီးမှတ်သားထားပါ။ ပြီးလျှင် ရေခဲသေတ္တာရဲ့ အအေးဆုံးအစိတ်အပိုင်းမှာ သိမ်းဆည်းပါ။ ရေခဲသေတ္တာမရှိပါက ရေခဲပုံးထဲမှာ ခေတ္တ ခဏသိမ်းဆည်းနိုင်ပါတယ်။ နို့ရည်တွေ ကို နှစ်အောင်စမှ လေးအောင်စအထိ ခွဲပြီးသိမ်းထားပါ။ အေးခဲလာချိန် တွင် နို့ရည်ထုထည်ကျယ်ပြန့်လာနိုင်တာကြောင့် ဗူးနှုတ်ခမ်းရောက်တဲ့အထိ နို့ရည်မရောက်အောင်ဂရုစိုက်ပါ။
3. နို့ရည်အဟောင်းနဲ့အသစ်ကို ရောထည့်လို့ရသလား
တစ်နေ့တည်းမှာ ညှစ်ထုတ်ထားတာဆိုရင်တော့ နို့ရည်အဟောင်းနဲ့အသစ် တစ်ပုလင်းထဲမှာရောပြီး သိမ်းဆည်းနိုင်ပါတယ်။ ဒါပေမယ့် ပူနွေးနေတဲ့ နို့ရည်အသစ်က အေးခဲနေတဲ့နို့တွေကို အရည်ပျော်စေနိုင် တာကြောင့် နို့ရည်အသစ်ကို အေးအောင်အရင်လုပ်ပြီးမှ အဟောင်းနှင့်ရောပြီးသိမ်းဆည်းပါ။
4. နို့ရည်တွေက ဘယ်လောက်ကြာရှည်ခံသလဲ
နို့ရည်တွေဘယ်လောက်ကြာရှည်ခံတယ်ဆိုတာ သိမ်းဆည်းထားတဲ့ နည်းလမ်းပေါ်မှာမူတည်ပြီး ကွဲပြားနိုင်ပါတယ်။ နို့ရည်တွေကြာရှည်ခံဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့လိုအပ်ပါတယ်။
(1) အသစ်စက်စက်ညှစ်ထုတ်ထားတဲ့နို့ရည်ကို အခန်းအပူချိန်မှာ 6 နာရီအထိထားနိုင်ပါတယ်။ ဒါပေမယ့် ရာသီဥတုပူနွေးနေချိန်မှာတော့ လေးနာရီအတွင်း အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
(2) ရေခဲသေတ္တာ (Refrigerator) ထဲမှာဆိုရင်တော့ နို့ရည်ကို 5 ရက်အထိ သိမ်းဆည်းနိုင်ပါတယ်။ 3 ရက်အတွင်း အသုံးပြုသင့်တယ်လို့ ပညာရှင်တွေကအကြံပြုထားပါတယ်။
(3) ရေခဲပုံးထဲမှာ ထည့်ထားမယ်ဆိုပါက တစ်ရက်အတွင်း အသုံးပြုရမှာဖြစ်ပါတယ်။ သိမ်းဆည်းထားတဲ့အချိန်ကြာမြင့်လာတာနှင့်အမျှ နို့ထဲမှာပါဝင်တဲ့ ဗီတာမင် C ဓာတ်ဆုံးရှုံးမှုများပြားလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ပေါင်မပြည့်လမစေ့သောကလေး၊ နေမကောင်းသောကလေး စတဲ့အခြေနေပေါ်မှာမူတည်ပြီး နို့ရည်သိမ်းဆည်းမူလမ်းညွှန်ချက်တွေ ပြောင်းလဲနိုင်ပါတယ်။
5. အေးခဲနေတဲ့ နို့ရည်တွေကို အရည်ပျော်အောင် ဘယ်လိုလုပ်မလဲ
ဦးဆုံးသိမ်းထားတဲ့ နို့ရည်ကိုအရင်ဆုံးအရည်ပျော်အောင်လုပ်ပါ။ နို့ဘူးကို ရေနွေးဇလုံထဲမှာ စိမ်ထားပြီး ဖြည်းဖြည်းချင်းအရည်ပျော်ပါစေ။ မိုက်ခရိုဝေ့မီးဖိုထဲထည့်ခြင်း၊ မီးဖိုပေါ်တွင် အပူပေးခြင်းတို့ကို ရှောင်ကြဉ်ပါ။ မြန်မြန်အပူပေးခြင်းက နို့ရည်မှာပါဝင်တဲ့ ပဋိဇီဝပစ္စည်းတွေကို ထိခိုက်စေပါတယ်။
တစ်ကြိမ်အရည်ပျော်ပြီးသားနို့ရည်ကို 24 နာရီအတွင်း အသုံးပြုသင့်ပါတယ်။
6. အရည်ပျော်အောင်လုပ်ထားတဲ့ အေးခဲနို့ရည်က လတ်လတ်ဆတ်ဆတ် ညှစ်ထုတ်ထားတဲ့ နို့ရည်နဲ့ ကွာခြားမှုရှိပါသလား။
စားသောက်တဲ့အစားအစာပေါ်မူတည်ပြီး နို့ရည်အရောင်ကွဲပြားနိုင်ပါတယ်။ အရည်ပျော်အောင်ပြုလုပ် ထားတဲ့ အေးခဲနို့ရည်က နို့ရည်အသစ်နှင့် အရောင်ရောအနံ့ပါကွာခြားမှုရှိပေမယ့် ကလေးငယ်တွေကို တိုက်ကျေွးဖို့အတွက် ဘေးကင်းပါတယ်။
Dr. Htet Htet Aung






























