တစ်ခုခုကို မျိုချမိရင်၊ ရှူသွင်းမိရင် ...
အစားအသောက်ပဲဖြစ်ဖြစ်၊ အရည်ပဲဖြစ်ဖြစ်၊ ပစ္စည်းတစ်ခုခုပဲဖြစ်ဖြစ် မျိုချမိတဲ့အခါ လည်ချောင်းနဲ့ အစာပြွန်ကိုဖြတ်ပြီး အစာအိမ်ထဲ ဝင်သွားတယ်။ ဒ်ိလိုမျိုချလိုက်တဲ့အရာတစ်ခုဟာ အစာလမ်းကြောင်းတစ်လျှောက်ကို ဖြတ်ပြီး ဘာပြဿနာမှမရှိဘဲ ရက်ပိုင်းအတွင်းမှာ ဝမ်းထဲ ပါလာလေ့ရှိတယ်။ တကယ်လို့ ဒီလိုမဟုတ်ဘဲ တစ်နေရာရာမှာ တစ်ဆို့သွားတယ်ဆိုရင် ဆရာဝန်ဆီ မဖြစ်မနေ သွားဖို့လိုလာပြီ။ တစ်ခါတလေကျတော့ မျိုချလိုက်တာဟာ နေရာလွဲပြီး အစာပြွန်ထဲမဝင်ဘဲ လေပြွန်ထဲ ဝင်သွားတတ်တယ်။ အထူးသဖြင့် အသက် ၃ နှစ်အောက်ကလေးတွေနဲ့ အသက် ၅၀ အထက် လူကြီးတွေမှာ အဖြစ်များပါတယ်။ ဒီလို လေပြွန်ထဲဝင်သွားရင် ကိုယ်ခန္ဓာက ပြန်ထုတ်ချင်တဲ့အတွက် ချောင်းဆိုးပြီး ဟပ်ထုတ်တယ်။ တစ်ခါတလေ ချောင်းဆိုးထုတ်လိုက်ရုံနဲ့ ပြန်ထွက်သွားတတ်တယ်။ အဆုတ်ထဲထိ ဝင်သွားရင်တော့ အဆုတ်ရောင်ရမ်းတာ၊ အဆုတ်ပိုးဝင်တာတွေအထိ ဖြစ်လာနိုင်တယ်။ ဒါကို အစာသီး အဆုတ်ရောင်ရောဂါလို့ ခေါ်ပါတယ်။
>> ဒီလိုအခြေအနေမျိုးတွေက ဒုက္ခပေးတတ်တယ်နော်။
● နင်နေတဲ့လက္ခဏာတွေ ရှိနေခြင်း : လေပြွန် လုံးဝပိတ်သွားတာ ဖြစ်နိုင်တယ်။ လုံးဝပိတ်သွားတဲ့အခါ လေတွေ အဆုတ်ထဲ မဝင်နိုင်၊ မထွက်နိုင်တော့တဲ့အတွက် လူနာမှာ စကား ပြောမရ၊ ငိုမရ၊ အသက်ရှူမရ၊ ချောင်းဆိုးမရဖြစ်ပြီး မျက်နှာတွေ ပြာနှမ်းလာလိမ့်မယ်။ ဒါဟာ သေရေးရှင်ရေး အခြေအနေတစ်ခုပဲနော်။
○ အသက် ၁ နှစ်အထက် ကလေးတွေနဲ့ လူကြီးတွေမှာ ဒီလိုနင်နေချိန် Heimlich manoeuvre လု့ိခေါ်တဲ့ နည်းလမ်းကိုသုံးပြီး နင်နေတာကို ပြန်ထုတ်နိုင်တယ်။
○ အသက် ၁ နှစ်အောက် ကလေးတွေမှာတော့ နောက်ကျောထုနည်း၊ ရင်ဘတ်တွန်းနည်းတွေနဲ့ ထုတ်လို့ရတယ်။
● တစ်ဝက်တစ်ပျက်လောက် ပိတ်ခြင်း : ဒါဆိုရင်တော့ လေနည်းနည်းလောက် ဝင်နိုင်ထွက်နိုင်သေးတယ်။ ဒါကြောင့် လူနာဟာ သီးနိုင်၊ ချောင်းဆိုးနိုင်ပြီး အသက်ရှူရကြပ်နေနိုင်တယ်။ ချောင်းဆိုးတာကြောင့် အထဲဝင်သွားတဲ့အစာဖြစ်ဖြစ်၊ ပစ္စည်းဖြစ်ဖြစ် ပြန်ထွက်လာပြီး သက်သာသွားနိုင်တယ်။ ဒီလိုတစ်ဝက်တစ်ပျက် ပိတ်နေချိန်မှာတော့ အပေါ်မှာပြောခ့ဲတဲ့ နင်တာ သက်သာစေတဲ့နည်းတွေ သုံးလို့မရဘူးနော်။
● အစာပြွန်ထဲ နင်နေခြင်း
● အဆိပ်ရှိ မှိုတွေ၊ အပင်တွေ၊ ဓာတုပစ္စညး်တွေ တစ်ခုခုကို စားမိခြင်း
● ကြယ်သီး၊ ဘက်ထရီပြား၊ သံလိုက်နဲ့ ခဲပါတဲ့ပစ္စည်းတွေကို မျိုချမိခြင်း
● မျိုချလိုက်တာ ဝမ်းထဲ ၇ ရက်အတွင်း မပါလာခြင်း
○ ပီကေလိုမျိုး မျိုချမိတဲ့ ၈၀% - ၉၀% လောက်က အန္တရာယ်မရှိပါဘူး။ အူလမ်းကြောင်းကို အလွယ်တကူ ဖြတ်သွားပြီး ဘာပြဿနာမှ မပေးဘူး။ ဒါပေမဲ့ တချို့တွေကတော့ ပြဿနာ တက်တတ်တယ်။
■ တွယ်အပ်၊ အရိုး၊ သွားကြားထိုးတံ၊ အပ်၊ ဘလိတ်ဓား၊ မှန်ကွဲစတွေလိုမျိုး ချွန်ထက်တဲ့ပစ္စည်းတွေ
■ ပစ္စည်းအရှည်တွေ
■ အစာလမ်းကြောင်းထဲ သွားကပ်နေပြီး ခွဲထုတ်ဖို့လိုမယ့် ပစ္စည်းတွေ
ဒီလိုပစ္စည်းမျိုးတွေက အန္တရာယ်ပေးတတ်တယ်။
ဝမ်းထဲ ပြန်မပါလာရင် ဓာတ်မှန်၊ မှန်ပြောင်း၊ ဘေရီယန်ဆေး မျိုပြီး ဓာတ်မှန်ရိုက်တာတွေ လုပ်ဖို့ လိုနိုင်တယ်။ အခြေအနေ ဆိုး၊ မဆိုးပေါ် မူတည်ပြီး ဒီလို တစ်ဆို့နေတဲ့ပစ္စည်းတွေကို ထုတ်ဖို့ လိုနိုင်တာမျိုးလည်း ရှိသလို ဝမ်းထဲပါလာချိန်ထိ စောင့်ကြည့်ခိုင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























