ထက်မြက်အောင်မြင်သော ကလေးတစ်ယောက်ဖြစ်စေရန်
1. စည်းကမ်းဆိုတာကို အပြစ်ပေးတာနဲ့တွဲပြီး မမြင်ပါစေနဲ့။
စည်းကမ်းဆိုတာ ကလေးငယ်တွေရဲ့ ပြုမူနေထိုင်တဲ့ပုံစံကို ပုံသွင်းဖို့အတွက်သာ ဖြစ်သင့်ပါတယ်။ စည်းကမ်းနဲ့အတူ ကလေးငယ်တွေရဲ့ ကိုယ်ပိုင်စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ဒဏ်ပေးတယ်ဆိုတာမျိုးထက် စည်းကမ်းလိုက်နာစေတာဟာ မိဘတွေအတွက် ကလေးငယ်တွေကို ပြုစုပျိုးထောင်ရာမှာ ပိုပြီးထိရောက် ကောင်းမွန်စေပါတယ်။
2. ချီးကျူးဂုဏ်ပြုစကားဆိုဖို့အတွက် အခွင့်အလမ်းတွေကို ရှာဖွေပါ။
ကလေးငယ်ဟာ ကောင်းတဲ့ကိစ္စတစ်ခုခုမှာ ပါ၀င်ပတ်သက်နေတာကို မိဘတွေအနေနဲ့ သိအောင်ကြိုးစားသင့်တဲ့အပြင် ကလေးရဲ့ မှန်ကန်တဲ့အပြုအမူအတွက်လည်း ချီးကျူးစကား ပြောသင့်ပါတယ်။
ကလေးငယ် ပြောချင်တာကို မိဘတွေက အချိန်ပေး နားထောင်ပြီး မှန်ကန်တဲ့အရာတွေဆို ထောက်ခံကာ မှားနေတယ်လို့ ယူဆပါက အကြောင်းအရင်းကို စိတ်ရှည်လက်ရှည် ရှင်းပြသင့်ပါတယ်။
ကလေးအပေါ်မှာ ဂရုစိုက် ကြင်နာတတ်တဲ့ မိဘတွေကို ကလေးငယ်တွေကလည်း သူတို့ရဲ့စိတ်မှာ စံပြပုဂ္ဂိုလ်အနေနဲ့ သတ်မှတ်ထားတတ်ကြပါတယ်။
3. အပြစ်တင် မစောပါနှင့်။
ကလေးငယ်တွေကို “ကောင်းကောင်းနေပါ” လို့ ဆုံးမတာဟာ အရမ်းကို ယေဘုယျကျပြီး ကျယ်ပြန့်လွန်းပါတယ်။
ကလေးတွေအနေနဲ့ မိဘတွေက ဘာကိုလိုချင်တယ်၊ ဘာကိုမျှော်လင့်တယ်ဆိုတာ သေချာမသိပါက ကောင်းတာထက် အဆိုးဘက်ကို ဦးတည်နေပြီး မိဘနဲ့ သားသမီးကြား ဆက်ဆံရေးကို ထိခိုက်စေမှာ အမှန်ပင် ဖြစ်ပါတယ်။
4. မိဘကဲ့သို့ ပြုမူပါ၊ သူငယ်ချင်းကဲ့သို့ မဆက်ဆံပါနှင့်။
ကလေးငယ်တွေဟာ သူတို့ကို ပဲ့ပြင်ဆုံးမဖို့အတွက် သူငယ်ချင်းထက် မိဘတွေကို ပိုလိုအပ်တတ်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေကို မိဘအနေနဲ့သာမက ဆရာအနေနဲ့ပါ စည်းကမ်းတကျ ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် သူတို့လေးတွေရဲ့ အနာဂတ်လမ်း ဖြောင့်ဖြူးအောင် ကူညီပေးနိုင်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























